Trending Now

ဂျပန်နိုင်ငံက ရေထုတ်လွှတ်မှုစတင်ပြီးနောက် တရုတ်နိုင်ငံက ဂျပန်ပင်လယ်စာတင်သွင်းမှုအားလုံးကို ရပ်ဆိုင်း

Spread the love

ဂျပန်နိုင်ငံက ရေထုတ်လွှတ်မှုစတင်ပြီးနောက် တရုတ်နိုင်ငံက ဂျပန်ပင်လယ်စာတင်သွင်းမှုအားလုံးကို ရပ်ဆိုင်း

EPN
နိုင်ငံတကာ၊ သြဂုတ် ၂၄

ဂျပန်နိုင်ငံက နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံက ပြုပြင်ပြီး ရေထပ်ရောထားတဲ့ ရေဒီယိုသတ္တိကြွ ရေတွေကို သမုဒ္ဒရာထဲစတင် ထုတ်လွှတ်ခဲ့ပြီးနောက် ပင်လယ်စာတင်သွင်းမှုအားလုံးကို တရုတ်နိုင်ငံက ရပ်ဆိုင်းလိုက်ပါတယ်။

ဂျပန်နိုင်ငံ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီခန့်မှာ စက်ရုံက သန့်စင်ထားတဲ ရေတွေကို စတင်ထုတ်လွှတ်ခဲ့တာဖြစ်ပြီး အဆိုပါလုပ်ငန်းစဉ်ဟာ နှစ် ၃၀ ဒါမှမဟုတ် ဒီထက်ပိုကြာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

တရုတ်အကောက်အခွန်အာဏာပိုင်တွေက ရေထုတ်လွှတ်ပြီးနောက် ဓါတ်ရောင်ခြည်ညစ်ညမ်းမှု အန္တရာယ်ကို အလွန်စိုးရိမ်မိကြောင်းနဲ့ ဂျပန်နိုင်ငံက အစားအစာတင်သွင်းမှု ကန့်သတ်ချက်တွေကို တင်းတင်းကျပ်ကျပ် ချမှတ်လိုက်တယ်လို့ ဆိုပါတယ်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက သမုဒ္ဒရာထဲ စွန့်ပစ်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး ဂျပန်နိုင်ငံဟာ အလွန်အတ္တဆန်ပြီး တာဝန်မဲ့တဲ့ လုပ်ရပ်အဖြစ် ပြင်းထန်စွာ ကန့်ကွက်ခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာလည်း ရေထုတ်လွှတ်မှုကို ဆန့်ကျင်တဲ့ လူအများအပြားဟာ တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ ဂျပန်သံရုံးနေအိမ်တစ်ခုကို ဖောက်ထွင်းဝင်ရောက်ခဲ့တဲ့အတွက် ရဲတွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။

တစ်ချိန်ထဲမှာပဲ ဖိလစ်ပိုင်အစိုးရက ပင်လယ်သယံဇာတအပေါ် တံငါသည်အဖွဲ့တွေက စိုးရိမ်မှုတွေရှိနေပေမယ့် သိပ္ပံနည်းကျ စစ်ဆေးမှုတွေကို ဆက်လက်စောင့်ကြည့်မယ်လို့ ပြောဆိုခဲ့ပါတယ်။

ဂျပန်နိုင်ငံက စက်ရုံကစွန့်ပစ်လိုက်တဲ့ ရေပမာဏကို နောက်တစ်နေ့မှာ အစီရင်ခံသွားမယ်လို့ ဂျပန်နိုင်ငံက တာဝန်ရှိသူတစ်ဦးက ရေလွှတ်ခြင်းမစတင်မီ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ဂျပန်ငါးလုပ်ငန်းအေဂျင်စီက ဓာတ်အားပေးစက်ရုံရဲ့ ၁၀ ကီလိုမီတာအတွင်းမှာ ဖမ်းဆီးရမိတဲ့ ငါးတွေမှာ ရေဒီယိုသတ္တိကြွပစ္စည်းပါဝင်မှုနှုန်းကို စောင့်ကြည့်ကာ စနေနေ့ မရောက်ခင် ပထမဆုံး ရလဒ်ကို ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

“ဆယ်စုနှစ်တွေကြာရင်တောင် အစိုးရက အပြည့်အဝတာဝန်ယူမှာပါ” လို့ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက ပြီးခဲ့တဲ့ သီတင်းပတ်က ဂတိပြုခဲ့ပါတယ်။

IAEA က ဇူလိုင်လအတွင်း ထုတ်ပြန်ခဲ့တဲ့ ဘေးကင်းရေး ပြန်လည်သုံးသပ်မှု အစီရင်ခံစာအရ သန့်စင်ထားတဲ့ ရေစွန့်ထုတ်ခြင်းဟာ လူနဲ့ ပတ်ဝန်းကျင်အပေါ် သေးငယ်တဲ့ ဓာတ်ရောင်ခြည်ဆိုင်ရာ သက်ရောက်မှုတွေ ရှိနိုင်တယ်လို့ ဆိုပါတယ်။

Ref; kyodonews

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။