Trending Now

နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တွေ့ဆုံပွဲတွင် ချီဖွေခရိုင်အတွင်း အရေးတကြီးလိုအပ်နေသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ တင်ပြနိုင်ခဲ့‌ကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (ငြိမ်း) ဦးဇခုန်ယိန်းဆောင် ဆို

Spread the love

နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တွေ့ဆုံပွဲတွင် ချီဖွေခရိုင်အတွင်း အရေးတကြီးလိုအပ်နေသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ တင်ပြနိုင်ခဲ့‌ကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (ငြိမ်း) ဦးဇခုန်ယိန်းဆောင် ဆို

EPN
မြစ်ကြီးနား၊ ဒီဇင်ဘာ ၁၇

ချီဖွေခရိုင်အတွင်း အရေးတကြီးလိုအပ်နေသည့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အမြန်ဆုံး ဆောင်ရွက်နိုင်ရန်အတွက် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၃ ရက်နေ့က မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံပွဲတွင် တင်ပြထားကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (ငြိမ်း) ဦးဇခုန်ယိန်းဆောင်ထံမှ သိရသည်။

ယင်းတွေ့ဆုံပွဲတွင် ဦးဇခုန်ယိန်းဆောင်မှ ကံပိုင်တည် ဧရိယာအား နယ်စပ်ကုန်သွယ်ရေးဇုံ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း နှင့် ကံပိုင်တည်မြို့ ဧရိယာအား တိုးချဲ့သတ်မှတ်ပေးနိုင်ရေးကိစ္စများအပါအဝင် ချီဖွေခရိုင်အတွင်းရှိ ချီဖွေ၊ ဆော့လော် စသည့် မြို့နယ်အများအတွင်း အရေးတကြီးလိုအပ်နေသည့် ဖွံ့ဖြိုးရေး လုပ်ငန်း ဆောင်တာများ အမြန်ဆုံး ဆောင်ရွက်နိုင်ရန်အတွက် တင်ပြနိုင်ခဲ့သည်ဟု သိရသည်။

“အဓိကတော့ တရုတ်-မြန်မာနယ်စပ် ကံပိုင်တည်မြို့နယ်စပ်ကုန်သွယ်ရေးဇုံ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေ ကိစ္စတွေ၊ နောက်ပြီး ကံပိုင်တည်မြို့ ဧရိယာတိုးချဲ့ဖို့ကိစ္စပေါ့ ဘာဒွန်ချောင်းဖျားနဲ့ ကံပိုင်တည်ချောင်း အနောက်ဘက်ခြမ်း ထွေ/အုပ်ရုံး စိုက်ထားတဲ့နေရာတွေကို တိုးချဲ့ပေးဖို့ကိစ္စတွေ တင်ပြခဲ့ပါတယ်၊ အဲဒီလိုပဲ ကျနော်နဲ့ ဌာနေ မိဘပြည်သူတွေ တွေ့ဆုံတဲ့ အခါ သူတို့တောင်းဆိုမှုတွေဖြစ်တဲ့ ကျေးရွာချင်းဆက်လမ်း ပိုင်းတွေ၊ လမ်း၊ တံတား၊ ပြုပြင် ခင်းကျင်းပေးဖို့ ကိစ္စရပ်တွေကို မိဘပြည်သူများ ကိုယ်စား တင်ပြ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်” ဟု ဦးဇခုန်ယိန်းဆောင်က ပြောပြသည်။

ဦးဇခုန်ယိန်းဆောင် တင်ပြခဲ့သည့် ချီဖွေခရိုင်အတွင်း လိုအပ်နေသည့် ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များမှာ ကံပိုင်တည် ဧရိယာအား နယ်စပ်ကုန်သွယ်ရေးဇုံ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း နှင့် ကံပိုင်တည်မြို့ ဧရိယာအား တိုးချဲ့သတ်မှတ်ပေးနိုင်ရေးကိစ္စများ၊ ပန်ဝါမြို့နှင့် ချီဖွေခရိုင်၏မြို့ ဆက်သွယ်ပေးထားသည့် လမ်းကြောင်း တစ်ခုဖြစ်သည့် ချီဖွေ(၄)မိုင် တပ်စခန်းမှ လန်းဂျော၊ လုပီ၊ နယ်ခြားစောင့်အမှတ်(၁၀၀၂)တပ်ရင်း၊ ပန်ဝါမြို့ အထိ (၃၆)မိုင်အား ကွန်ကရစ်လမ်းခင်းပေးနိုင်ရန်၊ ပန်ဝါမြို့နှင့် ဖီမော်နယ်စပ်မြို့တို့အား ဆက်သွယ်ပေးထားသည့် လမ်းပိုင်းတစ်ခုဖြစ်သည့် ပန်ဝါမှ ဇုတ်လန်၊ ဖရဲကျေးရွာ၊ လဂွေ၊ ဘောမ်မြန်၊ ဒန်းဂေါ့၊ ဗွေလပ်၊ ဂမ်ခွန်း နယ်ခြားစောင့်တပ် အမှတ်(၁၀၀၁)တပ်ရင်းနှင့် နိုဇွန်ဘော်ကျေးရွာတို့ကို ဆက်သွယ်ဖောက်လုပ်ထားသည့် လမ်းကြောင်းအတိုင်း ဌာနေလူထုများ ၂၀၁၂ခုနှစ်မတိုင်ခင်က လို နေ့ရောညပါ အချိန်မရွေး ပြန်လည်သွားလာနိုင် ဆောင်ရွက်ပေးရန်ကိစ္စရပ်များ တင်ပြခဲ့ကြောင်း သိရသည်။

ထို့အပြင် ချီဖွေခရိုင်၏ ချီဖွေမြို့ နှင့် ဖီမော်နယ်စပ်မြို့ တို့ကို ဆက်သွယ်ထားသည့် လမ်းမကြီးအား ယခင်က ဖောက်လုပ်ထားသည့် လမ်းဦးစီးဌာန၏ လမ်းဟောင်းအတိုင်း ပြန်လည် ဖောက်လုပ်ပေးနိုင်ရန်ကိစ္စနှင့် ဆော့လော်မြို့ နှင့် ချီဖွေမြို့တို့ ဆက်သွယ်ပေးထားသည့် (၃၄)မိုင်သာရှိသည့် လမ်းပိုင်းအား မေခမြစ်ရိုးအတိုင်း အရှေ့ဘက်ခြမ်းမှ ဖောက်လုပ်ထားသည့် ချီဖွေကံပိုင်ယန်- မန်တုံဖလ၊ ကောင်းလာမှ ကျီနော့- ရင်းဂျင်း၊ ရစ်ဘန်းဒန့် ဆော့လော်ရုံးစိုက်ရာမြို့ အထိ လမ်းဟောင်းကို ပြန်လည် ပြုပြင်မွမ်းမံပြီး ပြည်သူများ လုံလုံခြုံခြုံ သွားလာနိုင်ရန် အမြန်ဆုံးဆောင်ရွက်ပေးရန် တင်ပြခဲ့ကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။