Trending Now

မြစ်ကြီးနားဆေးရုံကြီးအတွင်း ဆိုင်ကယ်လိုက်လံခိုးယူနေသူကို ဖမ်းဆီးရမိ

Spread the love

မြစ်ကြီးနားဆေးရုံကြီးအတွင်း ဆိုင်ကယ်လိုက်လံခိုးယူနေသူကို ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ ဇွန် ၂၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် ကုတင် (၅၀၀)ဆန့် ပြည်သူ့ဆေးရုံကြီးအတွင်း ဆိုင်ကယ်လိုက်လံခိုးယူနေသည့် အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ် နယ်မြေရဲစခန်းမှသိရသည်။

အဆိုပါ အမျိုးသားကို ဇွန်လ (၂၅) ရက်နေ့ခန့်က မြို့သစ်ရပ်ကွက် နယ်မြေ (၄)အတွင်း လုံခြုံရေးအရစစ်ဆေးနေစဉ် ၎င်းအား တာဆီးစစ်ဆေးခဲ့ရာ တူးဘောက်အတွင်းမှ ယူဆောင်လာသည့် ဆိုင်ကယ်ခိုးယူရာတွင် အသုံးပြုသည့် (T) ပုံသဏ္ဍာန် မာစတာကီးကို တွေ့ရှိခဲ့ကြောင်း မြစ်ကြီးနားမြို့နယ် နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ သူက လွန်ခဲ့တဲ့တစ်လလောက်က ဆေးရုံကြီးက ၁၂၅ ဆိုင်ကယ်တစ်စီးကိုခိုးယူခဲ့တယ်လို့ သူကိုယ်တိုင်ဝင်ခံထားတာလဲရှိတယ်။ ကျတော်တို့အနေနဲ့ အခုလို ခိုးဆိုးလုနှိုက် ဖြစ်စဉ်တွေကျဆင်းဖို့အတွက် လုံခြုံရေးတွေကို နေ့ညမပျက်ဆောင်ရွက်လျက်ရှိနေပါတယ်။ ပြည်သူတွေအနေနဲ့လည်း ပါဝင်ပူးပေါင်းပြီး ဆောင်ရွက်ပေးဖို့ ပြောကြားလိုပါတယ် ” ဟု ၎င်းကပြောသည်။

ယင်းအမျိုးသားမှာ အသက် (၃၄)နှစ်အရွယ် ရမ်ပူရပ်ကွက်၊ နယ်မြေ (၄)တွင်နေထိုင်သူ ကိုမိုးမင်းဆိုသူဖြစ်ကြောင်း ၎င်းကို မြစ်ကြီးနားမြို့၊ နယ်မြေရဲစခန်းတွင် (ပ) ၉၃/၂၀၂၃ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ ကျင့် ၅၄ဖြင့် အမှုဖွင့်အရေးယူနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြစ်ကြီးနားမြို့တွင် ယခုရက်ပိုင်းအတွင်း ဆိုင်ကယ်ခိုးယူမှုများ မကြာခဏဖြစ်ပွားလျက်ရှိကာ ဇွန်လ (၂၂)ရက်နေ့ခန့်ကလည်း စီတာပူရပ်ကွက်အတွင်း ဆိုင်ကယ်လှည့်လည် ခိုးယူနေသည့် အမျိုးသားနှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။