Trending Now

ဆက်ကြေးမပေးသဖြင့် “စန်းရွှင်”ဟိုတယ်အား ဆိုင်ကယ်ဗုံးဖြင့်ဖောက်ခွဲ တိုက်ခိုက်ခဲ့သည့် KIO/ KIA အဖွဲ့ဝင် ၂ ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်

Spread the love

ဆက်ကြေးမပေးသဖြင့် “စန်းရွှင်”ဟိုတယ်အား ဆိုင်ကယ်ဗုံးဖြင့်ဖောက်ခွဲ တိုက်ခိုက်ခဲ့သည့် KIO/ KIA အဖွဲ့ဝင် ၂ ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်

EPN
လားရှိုး၊ ဖေဖော်ဝါရီ ၉ (၂၀၂၄)

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ “စန်းရွှင်” ဟိုတယ်အား ဆက်ကြေးမပေးသဖြင့် ဆိုင်ကယ်အတွင်း ဗုံးထောင်ကာ ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် KOI/ KIA အဖွဲ့ဝင် ၂ ဦးကို အကြမ်းဖက်မှုလတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း နစက ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။

ဖြစ်စဥ်မှာ ဖေဖော်ဝါရီ ၇ ရက်၊ ညနေ ၄ နာရီ ၄၀ မိနစ်ခန့်က လားရှိုးမြို့၊ ရပ်ကွက် (၇)၊ နယ်မြေ (၁၁)၊ သုခလမ်းရှိ “စန်းရွှင်” ဟိုတယ်ရှေ့တွင်လက်လုပ်မိုင်း တစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။

ယင်းကဲ့သို့ စစ်ဆေးရာ “စန်းရွှင်” ဟိုတယ်ရှေ့သို့ အမျိုးသား ၂ ဦးမှ KENBO 110 ဆိုင်ကယ်ဖြင့် ရောက်ရှိလာကာ ဆိုင်ကယ်အား ဟိုတယ်ရှေ့လမ်းဘေးတွင် ရပ်ထားခဲ့ပြီးနောက် ပြန်လည် ထွက်ခွာသွားပြီချိန်တွင် ဆိုင်ကယ်အတွင်းမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိခဲ့ရသည်။

ဆက်လက် စစ်ဆေးချက်များအရ ဖေဖော်ဝါရီ ၃ ရက်နေ့ရက်စွဲဖြင့် KIO/KIA အဖွဲ့မှ “စန်းရွှင်” ဟိုတယ်ထံ ၎င်းတို့ဆီသို့ ဖေဖော်ဝါရီ ၅ ရက် မတိုင်မီ အခွန်ငွေ မပျက်မကွက် လာရောက်ပေးသွင်းရန်နှင့် လာရောက်ဆက်သွယ် ပေးသွင်းခြင်းမရှိပါက ပြင်းထန်စွာအရေးယူမည်ဟု ခြိမ်းခြောက်ရေးသားထားသော ဆက်ကြေးကောက်ခံသည့် အကြောင်းကြားစာ ပေးပို့ခဲ့ပြီးနောက် ဆက်ကြေးမပေးသဖြင့် ဆိုင်ကယ်ဗုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းကိုလည်း ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် လားရှိုးမြို့မရဲစခန်းမှ ပြစ်မှုကျူးလွန်ခဲ့သော KIO/ KIA အဖွဲ့ဝင် (၂) ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)/၅၀ (ဈ)/၅၄ တို့ဖြင့်အမှုဖွင့်ကာ ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“စန်းရွှင်” ဟိုတယ်ရှေ့၌ ဆိုင်ကယ်ဗုံးပေါက်ကွဲမှု ဖြစ်စဥ်တွင် ဟိုတယ်လုံခြုံရေးဝန်ထမ်း ဦးဆေးပလယ် (၂၇) နှစ်နှင့် ဟိုတယ်ရှေ့မှ ဖြတ်သန်းသွားသူ မချောစုအောင် (၁၈)နှစ်တို့တွင် ထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် လားရှိုးမြို့ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။