Trending Now

မြစ်ကြီးနားတက္ကသိုလ်တွင် တတိယအကြိမ်မြောက် လူငယ်စကားဝိုင်း ကျင်းပ

Spread the love

မြစ်ကြီးနားတက္ကသိုလ်တွင် တတိယအကြိမ်မြောက် လူငယ်စကားဝိုင်း ကျင်းပ

EPN
မြစ်ကြီးနား၊ ဩဂုတ် ၂၃

ကချင်ပြည်နယ် မြစ်ကြီးနား တက္ကသိုလ်တွင် တတိယအကြိမ်မြောက် လူငယ်စကားဝိုင်းကို ယနေ့ (ဩဂုတ်လ ၂၃ ရက်နေ့)၊ နံနက် ၉ နာရီအချိန်က မြစ်ကြီးနားတက္ကသိုလ် ဗဟိုခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လူငယ်များ အသိပညာဗဟုသုတ မြင့်မားလာစေရန်၊ စကားပြောစွမ်းရည် တိုးတက်လာစေရန် ရည်ရွယ်ကာ လူငယ်စကားဝိုင်းကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊ ယနေ့ စကားဝိုင်းသည် မြစ်ကြီးနားတက္ကသိုလ်တွင် ပြုလုပ်ခဲ့သည့်မှာ တတိယအကြိမ်မြောက်ရှိပြီဖြစ်ကြောင်း ကချင်ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

” ကျောင်းသားလူငယ်များ အနေနဲ့ အသိဉာဏ်ပညာ ဗဟုသုတများ ပိုမိုရရှိစေရန်၊ စကားပြောအတတ်ပညာ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့မှာ ရဲဝံ့စွာ စကားပြောဆိုတတ်စေရန်၊ လူငယ်အချင်းချင်း တစ်ဦးနဲ့တစ်ဦး အသိပညာဗဟုသုတ ဖလှယ်ကြရာမှ အတွေ့အကြုံသစ်များ ရရှိစေရန်၊ လူငယ်အချင်းချင်း ရင်းနှီးချစ်ကြည်မှု များ တိုးပွားပြီး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်တတ်သော အလေ့အကျင့်ကောင်းများ ရရှိစေရန်နဲ့ ဗလငါးတန် ဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် စိတ်အားထက်သန်စွာ ကြိုးပမ်း ဆောင်ရွက်နိုင်စေဖို့ စတဲ့ ရည်ရွယ်ချက်များနဲ့ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ပါတယ် ” ဟု ၎င်းကပြောသည်။

အဆိုပါ လူငယ်စကားဝိုင်းတွင် မြစ်ကြီးနားတက္ကသိုလ်မှ ကျောင်းသားကျောင်းသူ ၅ ဦးမှ လူငယ်နှင့် စာပေယဥ်ကျေးမှု၊ လူငယ်နှင့် ဆိုရှယ်မီဒီယာ၊ လူငယ်နှင့် တရားမျှတမှု၊ လူငယ်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု၊ လူငယ်နှင့် ပရဟိတ စသည့် ခေါင်းစဥ်များဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

” အခုလို လူငယ်စကားဝိုင်းတွေ လုပ်ပေးတာက ကျောင်းသား၊ ကျောင်းသူတွေအတွက် လူတွေအများကြား ဒီလိုမျိုး ဆွေနွေးနိုင်တဲ့ အရည်အချင်းတွေ၊ စကားပြောစွမ်းအင်တွေ တိုးတက်လာစေတယ်။ အရင်ကဆို ကျောင်းသား၊ ကျောင်းသူတွေက ဟောပြောပွဲတွေဆိုရင် တစ်ယောက်ချင်းထပြီးဆွေးနွေးတာ တိုင်ပင်တာတွေ ကြောက်ကြတယ်။ အခုနောက်ပိုင်း အများအားဖြင့် ပြောရဲဆိုရဲလာတာကိုတွေ့ရတယ်။ နောက်နောင်လဲအခုလို လူငယ်စကားဝိုင်းတွေကို ပြုလုပ်ပေးစေချင်ပါတယ် ” ဟု လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့သူကျောင်းသားတစ်ဦးက ပြောသည်။

အလားတူ မြစ်ကြီးနား တက္ကသိုလ်တွင် လူငယ်စကားဝိုင်းများ ပြုလုပ်ပေးလေ့ရှိပြီး၊ ဇူလိုင်လ ၂၈ ရက်နေ့တွင် ပထမအကြိမ်၊ ဩဂုတ်လ ၁၀ ရက်နေ့တွင် ဒုတိယအကြိမ် ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် မြစ်ကြီးနားတက္ကသိုလ်အတွက် ကချင်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှလည်း အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။