Trending Now

တနင်္သာရီတိုင်းတွင် ပြီးခဲ့သည့် တစ်လအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲ ထိမှန်မှုကြောင့် လူ ၄၀ အထိသေဆုံးခဲ့

Spread the love

တနင်္သာရီတိုင်းတွင် ပြီးခဲ့သည့် တစ်လအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲ ထိမှန်မှုကြောင့် လူ ၄၀ အထိသေဆုံးခဲ့

EPN
တနင်္သာရီ၊ ဇန်နဝါရီ ၁၆ (၂၀၂၄)

တနင်္သာရီတိုင်းဒေသကြီးတွင် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်များ အပါအဝင် အနည်းဆုံး လူ ၄၀ အထိ သေဆုံးခဲ့ပြီး ၃၀ နီးပါး ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

ဒီဇင်ဘာလ ၁ ရက်မှ ၃၁ ရက်အထိ တစ်လအတွင်း တနင်္သာရီတိုင်းတွင် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်လကျရောက်ပေါက်ကွဲမှုကြောင့် ကျည်စထိမှန်ကာ အသက် ၇ နှစ်မှ ၉ နှစ်အရွယ် ကလေးငယ် ၅ ဦး အပါအဝင် အနည်းဆုံးလူ ၄၀ အထိ သေဆုံးခဲ့ပြီး၊ ထိခိုက်ဒဏ်ရာရရှိသူ ၃၀ နီးပါးအထိ ရှိခဲ့သည်ဟု တနင်္သာရီတိုင်း အခြေပြု ဆောင်ရွက်နေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

” မြေပြင်မှာ အခုထက်လည်း ပိုများနိုင်တယ်။ တိုက်ပွဲမရှိလည်း လက်နက်ကြီးတွေ ကျတာရှိခဲ့တာ။ အခုနောက်ပိုင်းဆိုလူတွေအများစု နေထိုင်တဲ့ရွာတွေထဲအထိ လက်နက်ကြီးတွေ ကျ ရောက်ပေါက်ကွဲတာတွေ ရှိလာတယ်။ လူတွေအများအပြား သေဆုံးနိုင်တဲ့ လက်နက်ကြီးတွေသုံးပြီး ပစ်ခတ်နေတာတွေ ရပ်စေချင်တယ် ” ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ တစ်လအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိတာတွေ ရှိခဲ့သည့်အပြင် ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရသူ ၁၀ ဦးထက်မနည်း ရှိခဲ့ပြီး လူနေအိမ် အလုံး ၅၀ ထက်မနည်း ထိခိုက်ပျက်စီးမှုခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

” လက်နက်ကြီး ကျတဲ့အချိန် ယာထဲရောက်နေလို့ လူတွေဘာမှ မဖြစ်တာ။ အိမ်ကတော့ တော်တော်လေး ပျက်စီးခဲ့ တာ။ ကိုယ့်ဒေသမှာ အရင်က ဒါမျိုးတွေမဖြစ်ဖူးပါဘူး။ အခုတော့ တစ်ရက်လေးမှ စိတ်ချမ်းချမ်းသာသာ မနေရဘူး။ လူနေထူထပ်တဲ့ နေရာတွေမှာ တိုက်ပွဲတွေဖြစ်မှာ၊ အခုလက်နက်ကြီးတွေ ကျတာ တွေ ဖြစ်မှာကြောက်တယ် ” ဟု ၎င်းကပြောသည်။

အဆိုပါ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲသည့် ဖြစ်စဉ်များသည် တနင်္သာရီတိုင်းတွင် ရေဖြူ ၊ ကလိန်အောင်၊ ရေး၊ ထားဝယ်၊ ဘုတ်ပြင်း၊ ပုလော၊ တနင်္သာရီ၊ မြိတ်နှင့် လောင်းလုံ စသည့် မြို့နယ်များတွင် အများဆုံး ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အလင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။