Trending Now

ကျောက်စိမ်းတောင် ရေကန်အနီး ကျောက်စိမ်းတူးဖော် ရှာဖွေခြင်း၊ မြေစာသွန်ချခြင်းများ မပြုလုပ်ကြဖို့ အာဏာပိုင်များမှ တားမြှစ်ပေးရန် ဒေသခံများ လိုလားနေ

Spread the love

ကျောက်စိမ်းတောင် ရေကန်အနီး ကျောက်စိမ်းတူးဖော် ရှာဖွေခြင်း၊ မြေစာသွန်ချခြင်းများ မပြုလုပ်ကြဖို့ အာဏာပိုင်များမှ တားမြှစ်ပေးရန် ဒေသခံများ လိုလားနေ

EPN
ဖားကန့်၊ ဩဂုတ် ၁၈

ဖားကန့်မြို့နယ်၊ မှော်ဝမ်းကြီးနှင့် မှော်ဝမ်းလေးကျေးရွာ အကြားရှိ ဒေသ အခေါ် ကျောက်စိမ်းတောင် ရေကန် အနီးနား၌ ကျောက်စိမ်းတူးဖော် ရှာဖွေခြင်း၊ ကန်အတွင်း မြေစာသွန်ချခြင်းများ မပြုလုပ်ကြရန် အတွက် သက်ဆိုင်ရာ အာဏာပိုင်များမှ တားမြှစ်ပေးရန် ဒေသခံများ လိုလားနေကြသည်ဟု သိရသည်။

ဖားကန့် ကျောက်စိမ်းမှော်ဒေသတစ်လုံးတွင် ထုထည်အကြီးဆုံး ကျောက်စိမ်းလုပ်ကွက် အဟောင်း ရေကန် တစ်ခုဟု ဆိုနိုင်သည့် ဧက လေးဆယ်ခန့် ကျယ်ပြီး ပေ ၃၀၀ ခန့် နက်‌သော ကျောက်စိမ်းတောင် ရေကန်သည် ယခုရက်ပိုင်း ရေယိုစိမ့်မှုများ ဖြစ်ပေါ်နေပြီး ယင်း‌နေရာ၌ စက်ယန္တရားများဖြင့် ကျောက်စိမ်း ရှာဖွေခြင်းများလည်း ရှိနေသလို ကန်အတွင်း မြေစာသွန်ချစွန့်ပစ်ခြင်းများလည်းရှိနေကြောင်း၊ အဆိုပါ ရေကန်ကျိုးပေါက် ပျက်စီးသွားပါက အနီးဝန်းကျင်၌ နေထိုင်သူများအတွက် အန္တရာယ်များစွာ ရှိသောကြောင့် အာဏာပိုင်များအနေဖြင့် အမြန်ဆုံးတားမြှစ်ပေးစေလိုကြောင်း ဒေသခံများ ထံက သိရသည်။

“ဖားကန့်မြို့နယ် မှော်ဝမ်းကြီး နဲ့ မှော်ဝမ်းလေး အနီးမှာရှိတဲ့ ကျောက်စိမ်းတောင် က ထုထည် အင်မတန်ကို ကြီးတယ်၊ Company တွေက ဘက်ဟိုး တွေနဲ့ မြေစာသွန်ချနေကြတယ်၊ ရေကထွက်ပေါက်ကမရှိ တစ်ရက်ပြီး တစ်ရက် ရေကပိုတိုးလာတယ်၊ ရေကန်ပေါက်သွားမှာကို စိုးရိမ်တယ်။ ဘလခ ဘက်က ဒိုင်ကျန် (လုပ်ကွက် တစ်ခုနဲ့ တစ်ခု အကြား ကျန်ရှိနေတဲ့ မြေ) ကလဲ အရမ်းပါးနေပြီ ရေဆက် တက်လာလို့ ပေါက်သွားရင် လူ့အသက် အသက်တွေ ထပ်ဆုံးရှုံးမှာ စိုးရိမ်တယ်။ ဒီကိစ္စကို သက်ဆိုင်ရာ အသီးသီးက တာဝန်ရှိတဲ့ လူကြီးမင်းများ တားမြှစ်ပေးဖို့၊ အမြန်ဖြေရှင်းနိုင်ဖို့ မျော်လင့်မိပါတယ်။” ဟု ၎င်းက ရှင်းပြသည်။

ယခု ကျောက်စိမ်းတောင် ရေကန်အတွင်းသို့ စက်ယန္တရားကြီးဖြင့် မြေစာသွန်ချခြင်း၊ ကန်အနီး ကျောက်စိမ်းတူးဖော်ခြင်များ ဆက်လက် မပြုလုပ်ကြရန် နှင့် ရေလွဲပေါက် လုပ်ပေးရန် သက်ဆိုင်ရာ အဖွဲ့အစည်းများက အမြန်ဆုံး ဆောင်ရွက် ပေးစေလိုကြောင်း ဒေသခံ တစ်ဦးက လည်း ယခုကဲ့သို့ ပြောသည်။

“ကျောက်စိမ်းတောင် ရေကန်အနီးမှာ မျှောတိုက်ပြီး၊ ရေမဆေးရှာနေကြတယ်၊ ပြီးတော့ ကုမ္ပဏီတွေကလဲ မြေစာသွန်ချနေကြတယ်၊ အန္တရာယ်ရှိလာပြီ ရေက ထွက်ပေါက် မရှိဘူး။ ရေလွှဲပေါက်တွေ လုပ်ပေးရင်တော့ အဆင်ပြေမယ်။ ဖားကန့်က ရေမဆေးသမားတွေကလည်း အခုချိန်မှာ ရှာစရာနေရာလည်းမရှိဘူး၊ တကယ်လို့များ အဲ့ရေကန်သာ ပေါက်ခဲ့ရင် မော်ဝှမ်းနဲ့ အေးမြသာယာ ရပ်ကွက် ကျေးရွာအထိ ရောက်နိုင်တယ်၊ အန္တရာယ်များတယ် ဒါကြောင့်မို့ တာဝန်ရှိသူတွေက အမြန်ဆုံး တားမြှစ်ပေးဖို့၊ ဆောင်ရွက်ပေးဖို့ လိုနေပြီ” ဟု ၎င်းက ဆိုသည်။

ဖားကန့်မြို့နယ်၊ မနမှော်ရှိ ကျောက်စိမ်း လုပ်ကွက်ဟောင်း တစ်ခုတွင် ဩဂုတ်လ (၁၃) ရက်နေ့၊ ညနေ (၃) နာရီဝန်းကျင်က မြေပြိုကျမှုကြောင့် လူဦးရေ (၃၀) ကျော် ပျောက်ဆုံး‌၊ သေဆုံးခဲ့သည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့နယ်တွင် အလားတူဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားလျက်ရှိပြီး ဩဂုတ်လ (၅) ရက်နေ့ကလည်း လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာရှိ ကျောက်စိမ်းလုပ်ကွက် တူးဖော်ထားသည့် ရေကန်အတွင်း မြေပြိုကျကာ ရေလှိုင်းရိုက်ခတ်မှုကြောင့် ကန်အစပ်၌ ရေချိုးနေသည့် အမျိုးသမီး၂ ဦးနှင့် ကလေး ၂ ဦး ရေကန်အတွင်း နစ်မြှုပ် သေဆုံးခဲ့ကြောင်းလည်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။