Trending Now

မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်တို့မှ ယာယီတိမ်းရှောင်လာသော အိမ်ထောင်စုများအား စားနပ်ရိက္ခာများ ထောက်ပံ့

Spread the love

မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်တို့မှ ယာယီတိမ်းရှောင်လာသော အိမ်ထောင်စုများအား စားနပ်ရိက္ခာများ ထောက်ပံ့

EPN
မြစ်ကြီးနား၊ မတ် ၂၇ (၂၀၂၄)

ကချင်ပြည်နယ်၊ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်အတွင်း လတ်တလောနယ်မြေ အခြေအနေအရ မြစ်ကြီးနားမြို့ရှိ ဘာသာရေးကျောင်းများတွင် ယာယီတိမ်းရှောင်လာကြသော အိမ်ထောင်စုများအား ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီ ဦးခက်ထိန်နန်မှ မတ်လ ၂၅ ရက်၊ မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့၊ စုပေါင်းရုံး အတွင်းရှိ မနောရွှေပြည်ခန်းမ၌ သွားရောက်တွေ့ဆုံ ထောက်ပံ့ခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံထောက်ပံ့ရာတွင် ပြည်နယ်ဝန်ကြီးချုပ်က လတ်တလောနယ်မြေ အခြေအနေအရ မိမိတို့၏ နေရပ်ကျေးရွာများကို စွန့်ခွာပြီး တိမ်းရှောင်လာကြသည့် မိသားစုများအား စိတ်ဓာတ်ခွန်အား ရရှိစေရေး အားပေးခြင်း၊ လတ်တလော နေထိုင်စားသောက်မှု အဆင်ပြေစေရေး အခြေခံစားသောက်ကုန်များနှင့် အဝတ်အထည်များကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ မိသားစုများ၏ အခက်အခဲ၊ လိုအပ်ချက်များကို ကူညီဖြေရှင်းပေးမည့်အပြင် အခက်အခဲများကို မိမိတို့ အစိုးရအဖွဲ့နှင့် အတူတကွ ပူးပေါင်းဖြေရှင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မြစ်ကြီးနားမြို့နယ်အတွင်းရှိ တာလောကြီး၊ တာချယ်၊ ဘိုဆာဒီ၊ ခေါင်ဖူးရွာသစ် ကျေးရွာများနှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ အောင်မြင် (၁)၊ ခါးရှိ၊ စန်းကား၊ ဝူယန်၊ ဇယ်ခမ်း၊ ဇီးကော်၊ ကျန်းခန်းနှင့် ဂျေကော်ကျေးရွာတို့မှ မြစ်ကြီးနားမြို့ရှိ ခရစ်ယာန်ဘာသာရေးကျောင်းများ၊ မိဘမဲ့ဂေဟာတို့တွင် ယာယီလာရောက်တိမ်းရှောင် ခိုလှုံလျက်ရှိသော အိမ်ထောင်စု စုစုပေါင်း (၁၃၈) စု၊ လူဦးရေ (၅၄၂)ဦးတို့အတွက် ကချင်ပြည်နယ် အစိုးရအဖွဲ့က စုစုပေါင်း ငွေကျပ် (၆၄၇၂၂၀၀) တန်ဖိုးရှိ ဆန်အိတ် (၃၁၈) အိတ်ခွဲ၊ ခေါက်ဆွဲခြောက်ဖာ (၁၃၈) ဖာနှင့် ကြက်ဥ (၁၃၈)လုံးကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ယာယီတိမ်းရှောင်လာသော ပြည်သူများက လတ်တလောနေထိုင် စားသောက်ရာတွင် လိုအပ်ချက်များ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ကိစ္စရပ်များ၊ သောက်သုံးရေ လိုအပ်ချက်နှင့် လိုအပ်ချက် အခက်အခဲများကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က လတ်တလော ယာယီတိမ်း‌ရှောင် နေထိုင်စဉ်ကာလအတွင်း နေထိုင်စားသောက်မှု အဆင်ပြေစေရေး လိုအပ်သည်များကို အမြန်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

၎င်းအပြင် ပြည်နယ်ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနဝင်း မိုးလုံလေလုံ အားကစားခန်းမအတွင်း ၂၀၂၄ ခုနှစ်၊ နွေရာသီအားကစားသင်တန်းအဖြစ် ဖွင့်လှစ်သင်ကြားလျက်ရှိသော ကြက်တောင်ရိုက်သင်တန်းနှင့် ဘောလီဘောသင်တန်းများ လေ့ကျင့်သင်ကြားပေးနေမှု အခြေအနေများကို လည်းကောင်း၊ ပြည်နယ်ပြည်သူ့ အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားရုံများ၌ ဂျူဒို၊ ဝူရှူး၊ ကရာတေး၊ တိုက်ကွမ်ဒို၊ လက်ဝှေ့ သင်တန်းများ ဖွင့်လှစ်သင်တန်းပေးနေမှုများကို လည်းကောင်း၊ ပြည်နယ် ဘောလုံးကွင်းအတွင်း အသက်အရွယ်အလိုက် ဘောလုံးသင်တန်း လေ့ကျင့်သင်ကြား ပေးနေမှုများကို လည်းကောင်း ကြည့်ရှုအားပေးခဲ့ကြပြီး၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/ သင်တန်းသူများ အတွက် ထောက်ပံ့ချီးမြှင့်ငွေကျပ် ၁၆ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ယူရီ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။