Trending Now

AA တပ်ဖွဲ့ဝင်များ ပါဝင်သည့် မူးယစ်ဆေးဝါး သယ်ဆောင်သည့်အဖွဲ့အား (၈)ကြိမ်ခန့် ဖမ်းဆီးဖော်ထုတ်နိုင်ခဲ့

Spread the love

AA တပ်ဖွဲ့ဝင်များ ပါဝင်သည့် မူးယစ်ဆေးဝါး သယ်ဆောင်သည့်အဖွဲ့အား (၈)ကြိမ်ခန့် ဖမ်းဆီးဖော်ထုတ်နိုင်ခဲ့

EPN
နေပြည်တော်၊ မတ် ၁၅ (၂၀၂၄)

AA တပ်ဖွဲ့ဝင်များ ပါဝင်သည့် မူးယစ်ဆေးဝါးသယ်ဆောင်သည့်အဖွဲ့အား (၈)ကြိမ်ခန့် ဖမ်းဆီးဖော်ထုတ်နိုင်ခဲ့သည်ဟု မူးယစ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ နစက အဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒု-ဗိုလ် ချုပ်ကြီး ရာပြည့်က ပြောသည်။

ဒု-ဗိုလ်ချုပ်ကြီး ရာပြည့်မှ ယမန်နေ့ မတ် ၁၄ ရက်၊ မွန်းလွဲပိုင်းက နေပြည်တော်၌ ကျင်းပခဲ့သည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အစည်းအဝေး (၁/၂၀၂၄)တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

မူးယစ်ဆေးဝါး ပြဿနာသည် ကမ္ဘာနှင့်အဝန်း လူသားမျိုးနွယ်စု တစ်ရပ်လုံးကို ခြိမ်းခြောက်အန္တရာယ်ပြုနေသည့် ပြဿနာတစ်ရပ်ဖြစ်ကာ မူးယစ်ဆေးဝါးထုတ်လုပ်သယ်ဆောင် ရောင်းဝယ်မှုများသည် ငွေကြေးခဝါချမှု၊ လက်နက်မှောင်ခိုမှု၊ အကြမ်းဖက်မှု၊ နိုင်ငံဖြတ်ကျော်မှုခင်းများနှင့် ဆက်နွယ်နေပြီး နိုင်ငံတော်၏ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေသည်ဟု ပြောကြားခဲ့သည်။

လက်နက်ကိုင်အဖွဲ့များသည် မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် သယ်ဆောင်ရောင်းဝယ်မှုများကို လုပ်ဆောင်လျက်ရှိကာ မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင်အသုံးပြုသည့် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို မြန်မာနိုင်ငံအတွင်းထုတ်လုပ်နိုင်ခြင်းမရှိ၍ အခြားနိုင်ငံများမှ နည်းလမ်းမျိုးစုံဖြင့် မြန်မာနိုင်ငံအတွင်းသို့ ချိတ်ဆက်သယ်ဆောင်နေကြသည်ဟု ယင်းကပြောသည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဖြစ်သည့် AA အဖွဲ့သည် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုများနှင့်ပတ်သက်နေသည်ကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဟောင်း Mr. Kofi Annam ဦးဆောင်သည့် ရခိုင် ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်က ၂၀၁၇ ခုနှစ်အတွင်း ပြုစုဖြန့်ဝေခဲ့သည့် အပြီးသတ် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်ဟု ပြောကြားခဲ့သည်။

အလားတူ ပြည်မကိုဖြတ်၍ မူးယစ်ဆေးဝါး သယ်ဆောင်သည့် အဖွဲ့များအား ဖမ်းဆီးရမိမှုများအနက် (၈)ကြိမ်ခန့်တွင် AA အဖွဲ့ဝင်များ ပါဝင်နေသည်ကို ဖော်ထုတ်သိရှိ ခဲ့ရသဖြင့် ယင်း ဖြစ်စဥ်များအား နိုင်ငံတကာအထိ သိရှိနိုင်ရန် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး မိတ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံတကာသံရုံးများမှတစ်ဆင့် ဆောင်ရွက်ရမည်ဟု မှာကြားခဲ့သည်။

၎င်းအပြင် မြန်မာနိုင်ငံ၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး လုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ၂၀၁၃ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ အထူးစစ်ဆင်ရေး ၃၉ ကြိမ်ဆောင်ရွက်ခဲ့ပြီး၊ ၂၀၂၄ ခုနှစ်တွင်လည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အထူးစစ်ဆင် ရေး Operation 39/24 (2024) ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ဟုလည်း ပြောသည်။

ကုလသမဂ္ဂ အပါအဝင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများ၊ မဲခေါင်ဒေသတွင်း နိုင်ငံများ၊ ဘင်းမ်စတက်အဖွဲ့ဝင် နိုင်ငံများ၊ နိုင်ငံတကာ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး၊ ရန်ကုန်မြို့အခြေစိုက် နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သည့် UNODC AFPI DEA NNCC ONCB တို့နှင့် ပူးပေါင်းဆောင်ရွက်မှုကိုလည်း ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည်ဟု ဒု-ဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားခဲ့သည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။