Trending Now

သီတင်းကျွတ်ကာလအတွင်း လေကြောင်းခရီးသည် များပြားမှုကြောင့် နိုဝင်ဘာလကုန် အထိ လက်မှတ်ဝယ် မရတော့ဟုဆို

Spread the love

သီတင်းကျွတ်ကာလအတွင်း လေကြောင်းခရီးသည် များပြားမှုကြောင့် နိုဝင်ဘာလကုန် အထိ လက်မှတ်ဝယ် မရတော့ဟုဆို

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၁၁ (၂၀၂၃)

ကချင်ပြည်နယ်တွင် သီတင်းကျွတ်ကာလ ခရီးသွားရာသီအတွင်း လေကြောင်းဖြင့် ခရီးသွားသူ များပြားမှုကြောင့် နိုဝင်ဘာလကုန် အထိ လက်မှတ်များ ဝယ်၍ မရတော့ကြောင်း ခရီးသွားပြည်သူများထံက သိရသည်။

လက်ရှိ နိုင်ငံရေး မငြိမ်သက်မှု အခြေအနေများကြောင့် ခရီးသွားများအနေဖြင့် မြေပြင် ကားလမ်းထက် လေကြောင်းလိုင်းကိုသာအဓိက အားထားပြီး သွားလာနေရကြောင်း၊ လေယာဉ်လက်မှတ်များမှာ တစ်လကျော်အထိ ကြိုတင်ဝယ်ယူသူများနေသောကြောင့် မြစ်ကြီးနားလေဆိပ်တွင် လက်မှတ်များ ပြည့်နေပြီ ဖြစ်ကြောင်း ခရီးသွားပြည်သူများထံက သိရသည်။

“အခုက ဒီလကုန်အထိတောင်မကဘူး၊ နိုဝင်ဘာလ အကုန်လောက်ထိ လူပြည့်နေပြီလို့ လေယာဉ်လက်မှတ်အရောင်းဌာနတွေဆီကနေ သိရတယ်၊ လက်မှတ်စျေးနှုန်းကလည်း စျေးအတော်မြင့်နေပေမယ့်လည်း၊ နိုင်ငံရေး မတည်မငြိမ် ဖြစ်တာကြောင့် မြေပြင်ကားလမ်းထက်ကို လေကြောင်းကိုပဲ သုံးနေကြတော့ ခရီးသွားလာသူ ဦးရေအတော်လေးများတယ်” ဟု လက်မှတ် ဝယ်မရသည့် ၎င်းက ခရီးသည်တစ်ဦးက ပြောပြသည်။

လက်ရှိတွင် လေယာဉ်လက်မှတ်ခ နှုန်းထားများအနေဖြင့် မြစ်ကြီးနား – မန္တလေး – (၂)သိန်း ကျော်၊ မြစ်ကြီးနား – ရန်ကုန် -(၃)သိန်း ကျော် ၊ မြစ်ကြီးနား – ပူတာအို (၁)သိန်း ၄ သောင်းကျော်အထိ ပေးဝယ်နေရကြောင်း သိရသည်။

“သီတင်းကျွတ်ကာလ ရုံးတွေ၊ ကျောင်းတွေ၊ အလုပ်တွေလဲ ပိတ်တော့ လက်မှတ်တွေ ကြိုတင်ဝယ်ထားကြတာတွေ တွေ့မြင်ရတယ်၊ ပုံမှန် နှစ်ထက်ပိုပြီး ခရီးသွားသူတွေများလာတာကို လဲတွေ့မြင်ရပါတယ်” ဟု မြစ်ကြီးနား လေဆိပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
မြစ်ကြီးနားလေဆိပ်တွင် မြစ်ကြီးနား – မန္တလေး၊ မြစ်ကြီးနား- ရန်ကုန် ခရီးစဥ်ကို နေ့စဥ်ပြေးဆွဲလျက်ရှိသော်လည်း မြစ်ကြီးနား – ပူတာအို ခရီးစဥ်ကို တစ်ပတ်လျှင် စနေနေ့တစ်ရက်သာ ပြေးဆွဲလျှက်ရှိကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။