Trending Now

မိုးကောင်းမြို့ပေါ်ရှိ ဆေးဆိုင်များသို့ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

Spread the love

မိုးကောင်းမြို့ပေါ်ရှိ ဆေးဆိုင်များသို့ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

EPN
မိုးကောင်း၊ ဇွန် ၂၀

COVID-19 ကြောင့်ဖြစ်ပွားလျက်ရှိသည့် ဆေးဝါးဆိုင်ရာ စွန့်ပစ်ပစ္စည်းများနှင့် ပတ်သက်သည့် မှုခင်းများ တိုက်ဖျက်ရေး အစီအစဉ် (Operation Retrovirus) အနေဖြင့် တာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ မိုးကောင်းမြို့အတွင်း ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ အစီအစဉ်ကို ယနေ့၊ ဇွန် ၂၀ ရက်၊ နံနက်ပိုင်းက စတင်ပြီး မိုးကောင်းမြို့ပေါ် ဆေးဆိုင်များတွင် ဆေးဝါးရောင်းချခွင့် လိုင်စင်မရှိဘဲ ရောင်းချနေခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြောင်း မိုးညှင်း ပြည်သူ့ ကျန်းမာရေး ဦးစီးမှူး ဦးဇော်လှိုင်ထွန်းက ပြောပြသည်။

“အဓိကကတော့ ခရိုင် မှုခင်းတပ်ဖွဲ့ က COVID-19 ကြောင့် ဆေးဝါးဆိုင်ရာ စွန့်ပစ်ပစ္စည်းတွေ ဥပမာ Masks တို့၊ PPEတို့ သုံးပြီးသားတွေကို ပြန်လည်ထုတ်ပိုးပြီး ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေးတာ ဖြစ်ပါတယ်”ဟု ဦးဇော်လှိုင်ထွန်းမှ ဆိုသည်။

ထို့အပြင် အများပြည်သူများအား လုံခြုံစိတ်ချရသော ဆေးဝါးများရရှိနိုင်ရန် သက်တမ်းလွန် ဆေးဝါးများ၊ မြန်မာနိုင်ငံ ဆေးဝါး မှတ်ပုံတင် မရှိသောဆေးဝါးများ မရောင်းချစေရန်နှင့် ကောင်းမွန်သော ဆေးဝါးထားသိုမှု နှင့် ကောင်းမွန်သော ဆေးဝါးရောင်းချမှု ကျင့်စဉ် (GPP)နှင့် အညီ ရောင်းချစေရန် ကြီးကြပ် စစ်ဆေးခြင်း များ ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ထည့်သွင်း ပြောဆိုခဲ့သည်။

ယင်းပူးပေါင်းအဖွဲ့တွင် မိုးညှင်း ခရိုင် FDA ဦးစီးအရာရှိ ဦးလှဌေး၊ မိုးညှင်းပြည်သူ့ ကျန်းမာရေး ဦးစီးမှူး ဦးဇော်လှိုင်ထွန်း၊ မိုးညှင်း မှုခင်းတပ်ဖွဲ့ ဒုရဲအုပ်သန်းထိုက်လွန်း ဦးစီး၍ မိုးကောင်းမြို့နယ်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇေယျာစည်သူ၊ စည်ပင် အမှုဆောင်အရာရှိ ဦးမျိုးဌေး၊ မိုးကောင်းမြို့မရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင်များ ပါဝင်ကြောင်း သိရသည်။

ထို့အပြင် အဆိုပါ ပူးပေါင်းအဖွဲ့သည် မိုးကောင်းမြို့ နောင်ကိုင်တော်ရပ် ပြည်သူ့ အားကစားကွင်း၌ ဖွင့်လှစ်ထားသော Quarantine Centre သို့သွားရောက်၍ စောင့်ကြည့်ခံယူသူများ၏ အသုံးပြုပြီး ပစ္စည်းများကို စနစ်တကျစွန့်ပစ်ခြင်း ရှိ/မရှိကိုလည်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချိုမောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။