Trending Now

`မြန်မာ့သရက်သီး ကမ္ဘာအနှံ့ခြေဆန့်နိူင်ရန် ဝိုင်းဝန်းကြိုးပမ်းကြပါစို့´´

Spread the love

`မြန်မာ့သရက်သီး ကမ္ဘာအနှံ့ခြေဆန့်နိူင်ရန် ဝိုင်းဝန်းကြိုးပမ်းကြပါစို့´´

EPN
သတင်းဆောင်းပါး၊ ၂၀၂၂ခုနှစ်၊ မေလ ၁၁ ရက်
ဟိန်းသစ်မွန် ရေးသည်။

သရက်သီးကို ကမ္ဘာ့နေရာမရွေး လူတိုင်း နှစ်သက်စွာစားသုံးကြသည်။ ထို့ကြောင့် ယနေ့ကမ္ဘာ့နိုင်ငံ အသီးသီးတွင် သရက်ကိုတိုးချဲ့စိုက်ပျိုးနေကြောင်း ကြားသိရသည်။ အသီးအမျိုးမျိုးရှိသည့်အနက် သရက်သီး ကို လူတိုင်းနှစ်သက်စွာစားသုံးသည့်အတွက် အသီးမှာသရက်ဟု တင်စားပြောဆိုကြသည်။ သရက်သီး မှည့်ချိန်တွင် ဈေးနှင့် သစ်သီးဆိုင်များတွင် နာမည်တစ်လုံးဖြင့် မျက်နှာပန်းလှနေသည်မှာ မြန်မာ့စိန်တလုံး သရက်သီးပင်ဖြစ်သည်။ အရောင်အဆင်း အနံ့အရသာဖြင့် ပြည်စုံလွန်း၍ နိုင်ငံတကာပင် မှာယူ သုံးဆောင် နေရကြောင်း သိရသည်။ မြန်မာ့စိန်တလုံးသရက်သီး မရောင်းသောသစ်သီးဆိုင်များမှာ လူမစည်တော့ကြောင်း ဈေးသည်များထံမှ ကြားသိရပြန်သည်။ ဈေးသည်အချင်းချင်းပင် စိန်တွေ ဗန်းနဲ့ခင်း ရောင်းကုန်ပြီဆို၍ စာရေးသူ ကိုယ်တိုင် သွားကြည့်ရာ မြန်မာ့စိန်တလုံးသရက်သီးကို လူအများ ဝိုင်းအုံ ဝယ်ယူအားပေးနေသည်ကို တွေ့မြင်ခဲ့ရသည်။

သရက်ပင်သည် နှစ်ပေါင်း ၃၀၀ အထက် ကျော်လွန်၍ ရှင်သန်နိုင်သလို၊ သရက်မျိုးနှင့် ပြုစုစောင့်ရှောက်မှု အပေါ်တွင်သီးနိူင်သော နှစ်ရှည်ပင်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ပို့ကုန်များထဲမှ မြန်မာ့စိန်တလုံးသရက်သီးသည် သစ်သီးဝလံများထဲတွင် ထိပ်တန်းက ပါဝင်သည်။ မြန်မာ့စိန်တလုံးသရက်သီး၏ အနံ့အရသာကို ဝယ်လက်နိုင်ငံများမှ လက်ခံကြသော်လည်း နိုင်ငံတကာ ဈေးကွက်တွင် သတ်မှတ်ချက် စံချိန်စံညွှန်းများနှင့် ကိုက်ညီမှသာ ဈေးကောင်းရမည်ဖြစ်သည်။ နိုင်ငံတကာ အဆင့် ရောင်းဝယ်ဖေါက်ကားမှုတွင် စံသတ်မှတ်ဆောင်ရွက်နိူင်ရန် ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့ပူးပေါင်း၍ ကမ္ဘာ့သရက်သီးစံချိန်စံညွှန်း သတ်မှတ်ချက်(World Wide Codex Standard for Mango(Codex Stan 184-1993)ကို ထုတ်ပြန်ထားသည်။

 

“ကမ္ဘာ့စီးပွားရေးဈေးကွက်မှာ ဘယ်သီးနှံမဆို စီးပွားရေးအကျိုးအမြတ်အပြင် ကျန်းမာရေးအတွက်ပါ စံသတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှ လက်ခံတယ်။ ဒါကို မြန်မာ့သီးနှံစိုက်ပျိုးရေး လုပ်ကိုင်နေကြတဲ့သူ အားလုံး နားလည် သဘောပေါက်ဖို့က အဓိကပါ။ အရင်က မည်သို့ပင်လုပ်ကိုင်စေကာမူ ယနေ့အချိန်မှာတော့ ကိုယ်တိုင် သုံးစွဲဖို့ဖြစ်စေ၊ ပြည်တွင်းပြည်ပတင်ပို့ရောင်းချဖို့ဖြစ်စေ မိမိအတွက်ရော သူတစ်ပါးအတွက်ပါ နိုင်ငံတကာ စံသတ်မှတ်ချက်တွေနဲ့ ပြည့်စုံမှ သုံးစွဲသူတွေက လက်ခံတယ်။ မြန်မာ့စိန်တလုံးသရက်သီးကို တရုပ်၊ စင်္ကာပူ၊ ဂျပန်၊ ရုရှား၊ ဒူဘိုင်း၊ ဂျာမနီ စတဲ့နိုင်ငံတွေဆီ အဓိက ဈေးကွက်ဖြစ်လာအောင် သရက်ကုန်သည်တွေက သရက်ခြံလုပ်ငန်းရှင်တွေနဲ့အတူလက်တွဲဖေါ်ဆောင်နေတယ်။ ၂၀၂၁ ကိုဗစ်စည်းကမ်းကြောင့် လုပ်ငန်းတွေ ရပ်နားထားတာ အစကပြန်လုပ်နေရတယ်။ အရင်က တရုတ်ကိုအဓီကအားထားတင်ပို့တယ်။ တရုတ်ကနေ တဆင့် စင်္ကာပူ၊ ဂျပန်နဲ့ နိုင်ငံတကာကိုဖြန့်တယ်။ ခုတော့ တရုတ်ကမြန်မာစိန်တလုံးမျိုးကို သူတို့ဆီမှာစိုက်ပြီး နိုင်ငံတကာကို တင်ပို့တယ်။ တရုတ်၊ ထိုင်းနဲ့ ဗီယက်နမ်က အသီးတွေထဲမှာ မြန်မာ့စိန်တလုံးက အနံ့အရသာနဲ့ အရောင်အဆင်းက အကောင်းဆုံးလို့ ပြောလို့ရတယ်။ တရုတ်ကထွက်တဲ့ စိန်တလုံးက အလေးချိန်၊ အရွယ်အစား၊ အရောင် ကာလာညီပြီးလှတယ်။ မြန်မာ့စိန်တလုံးသရက်သီးလို အနံ့အရသာ မမီတော့ လူကြိုက် နည်းတယ်။ ဒါကြောင့် တရုတ်ကမြန်မာ့စိန်တလုံးသရက်သီး အစိမ်းတွေကို အစေ့မယှက်ခင်ခြံပြတ်လာဝယ်ပြီး တဆင့်ဖြန့်တော့ မြန်မာ့စိန်တလုံးဈေးကွက်ပျက်သလိုကြုံခဲ့ရကြောင်း´´ မြန်မာ့စိန်တလုံး သရက်စိုက်ပျိုးရေး နည်းပညာရှင် ဒီဇိုင်နာ ဦးမြင့်ထွေးမှ ဆိုသည်။

နိုင်ငံတကာ သရက်သီးဈေးကွက်တွင် အရွယ်အစားနှင့် ပတ်သက်သည့်ပြဌာန်း သတ်မှတ်ချက်တွင် အလေးချိန်ဖြင့် ခွဲခြားသတ်မှတ်ထားသည်။ အသီးအလေးချိန် ၂၀၀ – ၃၅၀ ဂရမ်ရှိအသီးအုပ်စု၊ ၃၅၀ – ၅၅၀ ဂရမ်ရှိအုပ်စု နှင့် ၅၅၀ – ၈၀၀ ဂရမ်ပါရှိအသီးအုပ်စုဟူ၍ သတ်မှတ်ထားသည်။ အနိမ့်ဆုံးအသီးအလေးချိန်မှာ အနည်းဆုံး ၂၀၀ ဂရမ်ရှိရမည်ဖြစ်သည်။ အသီးဂရမ်များလျှင် အရေအတွက်နည်းပြီး၊ အသီးအရေအတွက် များလျှင် အရွယ်အစားသေးလေဖြစ်သည်။ ပြည်ပတင်ပို့ရာတွင် သရက်သီး၏ အရည်အသွေး လက္ခဏာများ သည် ပြောစရာမရှိအောင် အထူးကောင်းမွန်ရန်လိုအပ်သည်။ ထုတ်ကုန်၏ ယေဘုယျ သွင်ပြင်လက္ခဏာ၊ အသီး အရည်အသွေးနှင့် အထားခံအရည်အသွေး၊ အထုတ်အပိုးအတွင်း သပ်ရပ်လှပသော အရည်အသွေးရှိပြီး အပေါ်ယံအနာအဆာ အနည်းငယ်မှအပ လက်မခံနိူင်သော အနာအဆာ အပြစ်ကင်းစင် ရမည်ဖြစ်သည်။

“၂၀၂၂ ခုနှစ်က ခါတိုင်းနှစ်တွေထက် သရက်သီးအထွက်လျော့နိူင်တယ်။ မန္တလေးတိုင်းထဲကနေရာအချို့မှာ ပိုးကျတယ်။ ရာသီဥတုနဲ့အပင်အဟာရ မလုံလောက်မှုကြောင့် ပထမတန်းစားအထူးသီးတွေအနေနဲ့ထွက်ရှိမှုက အရင်နှစ်တွေရဲ့ ထက်ဝက်လောက်ဘဲရှိတယ်။ စစ်ကိုင်းဘက်နဲ့ ရှမ်းတောင်ကအသီးတွေက အခြေအနေ မဆိုးဘူး ပြောနိူင်တယ်။ အကြောင်းအမျိုးမျိုးကြောင့် ရောက်မလာတာလဲဖြစ်နိူင်တယ်။ စီးပွားရေးအခြေအနေအရရယ် ကိုဗစ်စည်းကမ်းတွေကြောင့် ပြည်ပဈေးကွက် တင်ပို့မှုလျော့ကျတာကြောင့် ပြည်တွင်းဈေးကွက်ဘဲ ရှိတယ်ဆိုရမယ်။ အရင်နှစ်က စင်္ကာပူမှာတစ်လုံး(မြန်မာကျပ်) ၂၀၀၀ ရောင်းရတဲ့အသီးက ၇၀၀ စရောင်းရတယ်လို့ ကြားရတယ်။ နိုင်ငံတကာဈေးကွက်ထဲမှာ ကျန်းမာရေးကို ဦးစားပေးတယ်။ စံသတ်မှတ်ချက် နဲ့ ကိုက်ညီရင် ဘာမဆိုပို့လို့ရတယ်။ ဘယ်လောက်ပို့မလဲ။ မှာသလောက်ပို့နိူင်မလား။ စာချုပ် ချုပ်နိူင်ဖို့ လိုတယ်။ ပြည်ပရောင်းတန်းဝင်အသီးအိတ်စွတ် (ရှယ်) အသီးတွေက ပြည်တွင်းမှာ ဈေးချရောင်းနေရတယ်။ အလွတ်သီး တစ်ခြင်းဈေးနဲ့ သိပ်မကွာဘူး။ ဈေးမကွာပေမယ့် အသီးအရွယ်အစားတော့ ကွာတယ်။ နောက်တစ်ခုက ကမ္ဘာ့စံချိန်စံညွှန်းသတ်မှတ်ချက်တွေနဲ့အညီ စနစ်တကျစိုက်ပျိုးနိူင်ဖို့လိုတယ်။ သရက်သီး ဈေးကွက်ခိုင်မာဖို့ဆိုရင် ဒေသအလိုက်ခြံပိုင်ရှင်တွေ စနစ်တကျစုစည်းပြီး ဥပမာ ပြည်နယ်နဲ့တိုင်းဒေသကြီး တွေရဲ့ အနည်းဆုံးနဲ့ အများဆုံးထွက်ရှိနိူင်တဲ့ အသီးနှုန်းတွေသိမှ မှာယူတဲ့နိုင်ငံတွေကို G to G စနစ်နဲ့ စာချုပ်ချုပ်ဆိုနိူင်မှာ။ ယခင်တရုတ်က မြန်မာ့သရက်သီးကို ကြိုက်ရောင်း ကြိုက်ဝယ်ယူတာ သူ့နိုင်ငံက သရက်သီးထွက်လာတော့ နိုင်ငံတကာစံချိန်စံညွှန်းတွေအတိုင်းဖြစ်လာတယ်။ မြန်မာ့ပို့ကုန် သစ်သီးဝလံတွေက တရုတ်ကိုအဓီကအားထားလို့ မရတော့ဘူး။ အခြားနိုင်ငံတွေကို ဈေးကွက်ထိုးဖေါက်နိူင်မှ နာမည်ရှိပြီးသား မြန်မာ့စိန်တလုံးသရက်က ဈေးကောင်းရနိူင်မှာ။ နိုင်ငံတကာနဲ့ ကုန်စည်ပို့ဆောင်ရာမှာလည်း အားနည်းချက် တွေ ရှိနေတယ်။ မြန်မာ့ပို့ကုန်သစ်သီးဝလံတွေအားလုံး ဘယ်လောက်ဘဲ အဆင့်မြင့်နေပါစေ နိုင်ငံတကာက လက်ခံတယ်ဆိုအုံး စာချုပ်မချုပ်နိူင်သေးရင် နိုင်ငံတကာဈေးကွက်ရရှိမှုက အလှမ်းဝေးနိူင်သေးတယ်။ နာမည်ရှိပြီးသား မြန်မာ့သရက်သီးတွေကို ပြည်ပဈေးကွက်မပျောက်ပျက်အောင်နဲ့ သရက်ခြံပိုင်ရှင်တွေ ပိုမိုအကျိုး ဖြစ်ထွန်းလာအောင် လက်တွေ့အသုံးချ အဆင့်မြင့်နည်းပညာပေးတွေ ဖြန့်ဝေရတယ်။ အပြစ်ပြောတာ တော့ မဟုတ်ဘူး။ ဂရုမစိုက်၊ မပြုပြင်၊ မထိန်းသိမ်းဘဲ သီးလာတဲ့အသီးကို ဒီအတိုင်းရောင်းမယ် ဆိုရင် ကောင်းတဲ့အသီးလည်း မကောင်းတဲ့အသီးနည်းတူ ဈေးဖြတ်ခံရနိူင်တယ်။ ဒါကြောင့် ဈေးကောင်း ရနိူင်အောင် ပြုပြင်ထိန်းသိမ်းမယ်ဆိုရင် နိုင်ငံတကာစံသတ်မှတ်ချက်အသီးတွေ အထွက်နှုန်းထိုးလာပြီး ပြည်ပတင်ပို့နိူင်မှုများလာမယ်ဆိုရင် ခြံပိုင်ရှင်တွေရဲ့ဝင်ငွေပိုတိုးလာနိူင်တယ်။ မြန်မာ့ရေခံမြေခံ ရာသီဥတုနဲ့ ကိုက်ညီတဲ့မြန်မာ့သရက်သီးအရည်အသွေးက ရှိပြီးသားပါ။ အသီးအရွယ်အစား၊ အလေးချိန်တိုးလာဖို့နဲ့ ရောဂါပိုးမွှား မကျရောက်အောင်ရယ် အသီးနှုန်းမကျအောင် ဂရုစိုက်ဖို့ဘဲလိုပါတယ်´´ဟု ၎င်းကဆက်ပြောသည်။

သရက်သီးထုပ်ပိုးရာတွင် သရက်သီးများ၏ မူလအရည်အသွေးကို မပျက်စီးအောင်ကောင်းစွာ အကာအကွယ် ပေးနိုင်သည့် ပစ္စည်း၊ နည်းစနစ်ဖြင့် ထုပ်ပိုးရမည်ဖြစ်သည်။ ထုပ်ပိုးခွံအပိုင်းတွင်အသုံးပြုသောပစ္စည်းများမှာ အသစ်ဖြစ်ရန် ဂရုပြုရမည်။ အတွင်းရှိပစ္စည်း၏ အရည်အသွေးကို အနည်းငယ်မျှ ထိခိုက်ပျက်စီးမှုမဖြစ်စေသော ပစ္စည်းမျိုးဖြစ်ရန်လိုအပ်သည်။ အသုံးပြုသော ကတ္တူ (သို့မဟုတ်) ပစ္စည်းသည် အဆိပ်ဖြစ်စေသော အဆိပ်များ၊ ဓာတုအစားအစာများ၊ အခြားမှို၊ ပိုးမွှား၊ ရောဂါအနံ့ဆိုးများကပ်ငြိပါလာခြင်း မရှိစေရန် အထူးသတိပြုရန်လိုအပ်ပါသည်။ ထုပ်ပိုးခွံပစ္စည်းသည် ထုပ်ပိုး၊ ကိုင်တွယ်၊ အဆင့်ဆင့်သယ်ယူပို့ဆောင် တင်ချမှုများကို ခံနိူင်ရည်ရှိသောပစ္စည်းများဖြစ်ရန်လိုအပ်သည်။

 

နိဂုံးချုပ်အနေဖြင့် မြန်မာနိုင်ငံသည် ကုန်သွယ်မှုပမာဏနှစ်ဆတိုးမြင့်ရန်နှင့် အာဆီယံဒေသတွင်း လွတ်လပ်စွာ ကုန်သွယ်နိုင်မှု အခွင့်အလမ်းရရှိလာတော့မည်။ မြန်မာ့စိန်တလုံးသရက် ကမ္ဘာ့အနှံ့ခြေဆန့်နိုင်ရန် စိုက်ပျိုး၊ ပြုစုထိန်းသိမ်း၊ ဆွတ်ခူး၊ သန့်စင်၊ သိုလောင်၊ ထုပ်ပိုး၊ သယ်ယူပို့ဆောင်လုပ်ငန်း အဆင့်တိုင်းတွင် အထက်ပါ စံချိန်စံညွှန်းပြဌာန်းချက်များနှင့် အညီဖြစ်စေရန်ကောင်းမွန်သော အစီအမံများ ချမှတ်ဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်ပါသည်။

 

စာကြွင်း – (သရက်သီးဈေးနှုန်းများသည် အခြေအနေနှင့် အချိန်အခါအရ နေ့စဉ်အပြောင်းအလဲ ဖြစ်နိူင်သည်။)

ဟိန်းသစ်မွန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။