Trending Now

မဟာအောင်မြေမြို့နယ်ရှိ လဝကရုံးကို လက်လုပ်မိုင်းဖြင့် ဖောက်ခွဲ

Spread the love

မဟာအောင်မြေမြို့နယ်ရှိ လဝကရုံးကို လက်လုပ်မိုင်းဖြင့် ဖောက်ခွဲ

မန္တလေး၊ ဧပြီ ၆ (၂၀၂၄)

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးကို ယမန်နေ့ (ဧပြီ ၅ ရက်)၊ မွန်းတည့်ပိုင်းက PDF အဖွဲ့ဝင်များမှ လက်လုပ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယမန်နေ့၊ မွန်းတည့် ၁၂ နာရီခွဲခန့်က PDF အဖွဲ့ဝင် (၂)ဦးသည် မဟာအောင်မြေမြို့နယ်၊ ကျွဲဆည်ကန် (၁)လမ်းနှင့် ရန်ကုန်-မန္တလေးသွား ကားလမ်းမကြီးလမ်းထောင့်ရှိ လဝကရုံးသို့ ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာကာ ရုံးအတွင်းသို့ လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ကာ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ရုံးအတွင်းရှိ အမျိုးသား (၁)ဦးနှင့်အမျိုးသမီး (၁)ဦးတို့မှာ မိုင်းစထိမှန်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ သေ ဆုံးသွားခဲ့ပြီး၊ လဝကဝန်ထမ်း (၄)ဦးနှင့်အရပ်သား (၅)ဦး၊ စုစုပေါင်း ၉ ဦးတို့တွင်လည်း မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ရုပ်အလောင်းများနှင့် ထိခိုက်ဒဏ်ရာရသူများအား တာဝန်ရှိသူများနှင့် လူမှုကူညီရေး အသင်းဝင်များက မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

၎င်းအပြင် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့် ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။