Trending Now

မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့်ခဲ့လေပြီ

Spread the love

 
 
 
မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့်ခဲ့လေပြီ

အယ်ဒီတာအာဘော်၊ ဇန်နဝါရီ ၁၉

၂၀၂၀ ခုနှစ်၏ နှစ်သစ် ဇန်နဝါရီလ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့အထိ မြန်မာနိုင်ငံသာမက ကမ္ဘာ့နိုင်ငံများအထိ သြဇာလွှမ်းမိုးထားသော နိုင်ငံတစ်နိုင်ငံ၏ ခေါင်းဆောင်တစ်ဦးဖြစ်သည့် တရုတ်နိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်သည် မြန်မာနိုင်ငံသို့ နှစ်ရက်တာခရီးစဉ်ဖြင့် ရောက်ရှိခဲ့သည်။
 
၂၀၀၁ ခုနှစ် တရုတ်သမ္မတ ကျန်ဇီမင်း၏ မြန်မာနိုင်ငံခရီးစဉ်နောက်ပိုင်း နှစ်ပေါင်း ၂၀ နီးပါးကြာပြီးနောက် တရုတ်သမ္မတတစ်ဦး၏ မြန်မာခရီးစဉ် ဖြစ်သည်။ တရုတ်နိုင်ငံ သမ္မတမစ္စတာ ရှီကျင့်ဖျင်သည် မြန်မာနိုင်ငံသို့ မြန်မာ-တရုတ်သံတမန်ဆက်ဆံရေးနှစ် ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် ရောက်ရှိလာခြင်း ဖြစ်ပြီး မြန်မာ-တရုတ်သံတမန် ဆက်ဆံရေး နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံသမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာထိပ်တန်းခေါင်းဆောင်များနှင့် တွေ့ဆုံကာ မြန်မာ-တရုတ်ပူးပေါင်းလုပ်ဆောင်မည့် စီမံကိန်း ၃၃ ခုကို နားလည်မှု စာချွန်လွှာရေးထိုးခဲ့သည်။

ထိုသို့လက်မှတ်ရေးထိုးခဲ့သည် စီမံကိန်းများတွင် အများစု စိတ်ဝင်တစားစောင့်ကြည့်ခဲ့ပြီး ဝေဖန်မှုများ မြင့်မားခဲ့သည့် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီးပွားရေးဇုန်စီမံကိန်းဆိုင်ရာ သဘောတူစာချုပ်ကိုသာ ရေးထိုးခဲ့ပြီး မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ တစ်စုံတစ်ရာပြောဆို ဆွေးနွေးခဲ့ခြင်းမရှိခဲ့ကြောင်း သိရသည်။
ယင်းနားလည်မှု စာခွှန်လွှာ ၃၃ ခုတွင် ရန်ကုန်မြို့၊ မြို့ပြစီမံကိန်းသစ်စသည့် စီမံကိန်းများအပါအဝင် အခြားအရေးပါသည့် စီမံကိန်းများလည်း ပါရှိသည်။ ယခု တရုတ်သမ္မတ၏ မြန်မာခရီးစဉ်မတိုင်မှီ အများစုက ပြည်တွင်းငြိမ်းချမ်းရေး ပိုမိုကောင်းမွန်လာပြီး မြစ်ဆုံစီမံကိန်းအပါအဝင် အခြားသော စီမံကိန်းကြီးများကိုလည်း နှစ်နိုင်ငံအစိုးရအနေဖြင့် သဘောတူ လက်မှတ်ရေးထိုးကြမည်ဟု ခန့်မှန်းခဲ့ကြသည်။


ထို့အပြင် တရုတ်သမ္မတ၏ ခရီးစဉ်အပြီးတွင်လည်း ငြိမ်းချမ်းရေးကဏ္ဍမှာရော၊ အခြားသော ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စများမှာပါ ပြောင်းလဲမှုများဖြစ်ပေါ်လာနိုင်ဖွယ်ရှိပြီး မြန်မာ-တရုတ် သံတမန် ဆက်ဆံရေး “ပေါက်ဖော်နိုင်ငံ” ကိုလည်း ယခုထက် ပို၍ အသက်ဝင်လာနိုင်မည်ဟု ယုံကြည်မျှော်လင့်ကြသည်။

ခရီးစဉ်အပြီးမှာတော့ တရုတ်သမ္မတ၏ ခရီးစဉ်သည် လူအချို့က သုံးသပ်ပြောဆိုသလို ထူးခြားသည်ဟု မဆိုလိုသော်ငြားလည်း လာမည့်အချိန်ကာလသည် ထူးခြားသည်ဟု ဆိုရမည်။ မြန်မာသည် ရခိုင်ပြည်နယ် အရေးနှင့် ပတ်သက်၍ ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ တရားရင်ဆိုင်နေရသည့် အချိန်ဖြစ်သည်။ အထူးသဖြင့် ICJ မှ ကြားဖြတ်အမိန့်ကို ယခုလ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ချမှတ်မည် ဖြစ်သည့်အတွက် ယင်းအမိန့်မချမှီ တရုတ်နိုင်ငံအနေဖြင့် မြန်မာအစိုးရနှင့် အတူ ရပ်တည်လျက်ရှိသည် ဟုလည်း ယခုသမ္မတခရီးစဉ်က ထင်ဟပ်စေလိုရာ ရောက်သည်။ အမှန်မှာ မြန်မာ-တရုတ် သံတမန် ဆက်ဆံရေး နှစ် ၇၀ သည် လာမည့် ဇွန်လမှသာ ပြည့်မြောက်မည် ဖြစ်သော်လည်း ယခုကဲ့သို့ စောလျှင်စွာ လာရောက်ခြင်းသည်လည်း ထူးခြားမှုတစ်ခုလို ဆိုနိုင်သည်။

တရုတ်နိုင်ငံသည် မြန်မာပြည်အတွင်း စီးပွားရေးရင်းနှီးမြုပ်နှံမှုနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ် စသည့်ကဏ္ဍ များတွင် အများရဲ့ ဝေဖန်မှုအများဆုံးခံရသည့် နိုင်ငံဖြစ်သည့်အပြင် မြန်မာပြည်တွင်း တရုတ်နိုင်ငံ၏ ရင်းနှီးမြုပ်နှံမှု စံမံကိန်းကြီးများတွင် လူထုအချို့ ကန့်ကွက်များလည်းရှိနေသည်။ မြန်မာပြည်၏ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများ အကောင်အထည်ဖေါ်ရာမှာ အဓိကကျသည့် ကဏ္ဍ၌လည်း ပါဝင်နေသည်။ ထို့အပြင် မြန်မာပြည်အတွင်း ရင်းနှီးမြုပ်နှံမှု အများဆုံးနိုင်ငံလည်းဖြစ်သည်။ ယခုခရီးစဉ် အတွင်း နားလည်မှု သဘောတူရေးထိုးထားသည့် စီမံကိန်းများအားဖြင့်လည်း တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ဖွံံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးကဏ္ဍများတွင် ပိုမို ထောက်ပံ့ပေးလာမည်ကိုလည်း ခန့်မှန်းသုံးသပ်ရသည်။

တရုတ်နိုင်ငံလို ကမ္ဘာ့အင်အားကြီး စီးပွားရေးနိုင်ငံတစ်နိုင်ငံဖြစ်သည့် နိုင်ငံမျိုးနှင့် အိမ်နီးချင်းနိုင်ငံအဖြစ် သံတမန်ဆက်ဆံရေး လုပ်ဆောင်ခြင်းသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး ထွက်ပေါက်ဖြစ်သည်။ ဆိုလိုသည်မှာ မြန်မာ-တရုတ်ဆက်ဆံရေးကို ပိုမိုခိုင်မာမှု တည်ဆောက်ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်ရေးကို တက်လှမ်းနေသည့် မြန်မာပြည်အတွင် လမ်းစတစ်ခုလည်းဖြစ်သည်။ ထို့နည်းတူ တရုတ်နိုင်ငံနှင့် ဆက်ဆံရေးလိုမျိုး အရှေ့အာရှတိုက်အတွင်းရှိ အင်အားကြီး နိုင်ငံများနှင့်လည်း ထိရောက်သော သံတန်ရေး ဆက်ဆံမှု တည်ဆောက်ဖို့လည်း မြန်မာအနေဖြင့် လိုအပ်သည်။

ယခု ၂၀၂၀ ခုနှစ်၊ နှစ်ဆန်းပိုင်း တရုတ်သမ္မတ မစ္စတာရှီကျင့်ဖျင်၏ ခရီးစဉ်သည် မြန်မာနိုင်ငံအတွင်း တစ်နည်းတစ်ဖုံ ဂယက်ရိုက်ခတ်နိုင်သည်မှာ အကောင်းဘက်ရှိလာနိုင်သလို အဆိုးဘက်လည်းရှိလာ နိုင်သည်။ မည်သို့ပင် နောက်ဆက်တွဲကိစ္စရပ်များပေါ်ပေါက်ခဲ့ပါသော်လည်း မိမိတို့ ရည်မှန်းချက်ပန်းတိုင် (Direction or Goal) သွေဖယ်သွားနိုင်မည့် လမ်းကြောင်းမှ ရှောင်ရှားပြီး အကောင်းဆုံးဖြစ်ကို ဦးတည်ဆောင်ရွက်နိုင်သည့် ဆုံးဖြတ်ချက် (Decision)များ ချမှတ် အကောင်အထည်ဖေါ်နိုင်ရန် လိုအပ်ပါ ကြောင်း ဖေါ်ပြရေးသားလိုက်ရပါသည်။

အယ်ဒီတာ
ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက်
Eternally Peace News Network (EPN)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။