Trending Now

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ခြောက်လအတွင်း ဆင်ရိုင်းအနင်းခံရပြီး သေဆုံးခဲ့ရသူ ၁၉ ဦးရှိ

Spread the love

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ခြောက်လအတွင်း ဆင်ရိုင်းအနင်းခံရပြီး သေဆုံးခဲ့ရသူ ၁၉ ဦးရှိ

EPN
ဧရာဝတီ၊ ဇူလိုင် ၁၇

ဧရာဝတီတိုင်းမှာ အခုနှစ် ပြီးခဲ့တဲ့ ခြောက်လအတွင်း တောဆင်ရိုင်းတွေရဲ့ နင်းသတ်ခြင်းခံရမှုကြောင့် လူ ၁၉ ယောက်အထိ သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဇန်နဝါရီလကနေ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းအထိ တောဆင်ရိုင်း နင်းသတ်ခံရမှုကြောင့် လူ ၁၉ ယောက်အထိ သေဆုံးခဲ့ရပြီး၊ သေဆုံးခဲ့သူတွေထဲမှာ ဆင်တွေက လူတွေနေတဲ့ နေရာတွေအထိ ရောက်လာပြီး နင်းသတ်ခံရတဲ့ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့တာများတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

” သာပေါင်းမြို့နယ်ဘက်က သေဆုံးသူ အသက် ၅၆ နှစ်အရွယ်၊ အမျိုးသားတစ်ဦးဆို ရေချိုးနေတဲ့အချိန် တောဆင်ရိုင်းကရောက်လာပြီး အနင်းခံရလို့ သေဆုံးခဲ့တာ။ ဆင်ရိုင်း အနင်းခံရပြီး သေဆုံးတဲ့ဖြစ်စဉ်တွေက ဇန်နဝါရီလနဲ့ မတ်လထဲမှာပိုအဖြစ်များခဲ့တယ်။ တောတောင်တွေ ထဲမှာ တရားမဝင် ဆင်မုဆိုးတွေရဲ့လက်ချက်ကြောင့် ဆင်တွေက လူတွေနဲ့ နီးတဲ့ ရွာတွေထဲရောက်လာတာ။ ဆင်အန္တရာယ်ပြုလို့ သေတဲ့သူက ၁၉ ယောက်ထက် မနည်းကိုရှိတာ ” လို့ သာပေါင်းမြို့နယ်က ဒေသခံတစ်ဦးက ပြောပါတယ်။

ဧရာဝတီတိုင်းထဲက သာပေါင်း၊ ငရုတ်ကောင်း၊ ဂေါ်ရင်ဂျီ၊ ဟိုင်းကြီးကျွန်း၊ ငပုတော၊ ပုသိမ်၊ ပြင်စလူ၊ငွေဆောင်၊ ချောင်းသာ စတဲ့ ဒေသတွေက ဒေသခံတွေအနေနဲ့ တောဆင် ရိုင်းတွေ အန္တရာယ်ပြုလာနိုင်တဲ့ အခြေအနေရှိတာကြောင့် ဆင်ရိုင်းအန္တရာယ်ကို သတိပြုနေထိုင်ဖို့ လိုအပ်တယ်လို့တာဝန်ရှိသူတွေရဲ့ အကြံပြုချက်အရ သိရပါတယ်။

” အခုနှစ်တွေထဲ တောဆင်ရိုင်းတွေ အန္တရာယ်ပြုတာကို ခံရတဲ့ဖြစ်စဉ်တွေ ခပ်စိပ်စိပ် တွေ့မြင်ကြားနေရတယ်။
ဆင်တွေလူတွေရှိတဲ့နေရာ ရောက်လာတာက လူတွေက ဆင်တွေကို အရင်ဆုံးရန်ရှာသတ်ဖြတ် လာတာတွေကြောင့်ပါ။ ဒါကြောင့် မဖြစ်သင့်တာတွေ ဖြစ်ကုန်တာ။ ဘယ်ဒေသတွေမှာ ဘယ်လိုဖြစ်တယ်ဆိုတာကို သုံးသပ်ပြီး သတိထား နေထိုင်ပါ။ ဆင်သတ်မုဆိုးတွေကိုတွေ့ရင်လည်း သက်ဆိုင်ရာကို အကြောင်းကြားပါ။ ဆင်ရိုင်းတွေ လာရင်လည်း ကိုယ့်ဖာသာ မမောင်းထုတ်ပါနဲ့။ နားလည်တတ်ကျွမ်းတဲ့ အဖွဲ့အစည်းကို အကြောင်းကြားပါ ” လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ခြောက်လအတွင်း တောဆင်ရိုင်းနင်းသတ်ခံရလို့ သေဆုံးသူတွေမှာအသက် ၄၀ ကျော်အရွယ် အမျိုးသား (၈) ယောက်နဲ့ အမျိုးသမီး(၁၁)ယောက်ဖြစ်တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

ဒါ့အပြင် တောဆင်ရိုင်းတွေလူနဲ့ ဆက်စပ်တဲ့ နေရာတွေကို ရောက်ရှိလာရင် ဒေသခံတွေအနေနဲ့ အကြောင်းကြားတဲ့အခါ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တွေ၊ ရဲတပ်ဖွဲ့တွေနဲ့ သစ်တောဦးစီးဌာနတို့က ပူးပေါင်းပြီး ကွန်ဂျီဆင် လို့ခေါ်တဲ့ ဆင်ယဉ်တွေနဲ့ တောဆင်ရိုင်းတွေကို လူတွေနဲ့ ဘေးကင်းရာဆီကို ပို့ဆောင်ပေးတယ်လို့ သိရပါတယ်။

အလင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။