Trending Now

မုံရွာမှာ ကုန်စုံဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရ၊ ဆိုင်ရှင်အမျိုးသား ဓါးခုတ်ခံရလို့ သေဆုံး

Spread the love

မုံရွာမှာ ကုန်စုံဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရ၊ ဆိုင်ရှင်အမျိုးသား ဓါးခုတ်ခံရလို့ သေဆုံး

EPN
မုံရွာ၊ ဇန်နဝါရီ ၂၁

မုံရွာမြို့၊ ဗဟိုလမ်း၊ အောင်ချမ်းသာရပ်ကွက်ရှိ ချမ်းမြေ့သုခ ကုန်စုံဆိုင်ကို ယမန်နေ့ည ၇ နာရီခွဲအချိန်ခန့်က ဓားပြတိုက်ခံခဲ့ရပြီး ဆိုင်ရှင်အမျိုးသားဖြစ်သူ ဓားခုတ်ခံရမူကြောင့် သေဆုံးခဲ့သည်ဟု လူမူကူညီရေး အသင်းတစ်ခုထံမှ သိရသည်။

ဖြစ်စဉ်မှာ ချမ်းမြေ့သုခ ကုန်စုံဆိုင်ပိုင်ရှင်လင်မယားနှစ်ဦးသည် ဆိုင်ပိတ်သိမ်းနေစဉ်မှာ ဆိုင်ကယ်ဖြင့်ဝင်ရောက်လာသည့်အမည်မသိ အမျိုးသား ၄ ဦးမှ ဓားများကိုင်ဆောင်ကာ ပိုက်ဆံထုတ်ပေးရန် ခြိမ်းခြောက်တောင်းရာ ဆိုင်ပိုင်ရှင်လင်မယားနှစ်ဦးမှ မထုတ်ပေးသည့်အတွက် ၎င်းတို့ ကိုင်ဆောင်လာသည့်ဓားဖြင့် ခုတ်ခဲ့သဖြင့် ဆိုင်ရှင် လင်မယား နှစ်ဦးလုံး ဓါးဒဏ်ရာများ ရရှိခဲ့ပြီး အမျိုးသားဖြစ်သူမှာ ဆေးရုံအရောက်တွင် သေဆုံးခဲ့ကြောင်း မေတ္တာစေရာ လူမူကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

“ဆိုင်ပိုင်ရှင်လင်မယားက ဆိုင်ပိတ်နေတာပေါ့ အဲ့ဒီချိန်မှာ လူလေးယောက်က ဆိုင်ကယ်တစ်စီးစီနှင့် လာပြီး ပိုက်ဆံပေးဖို့ခြိမ်းခြောက်တာပေါ့၊ ဆိုင်ရှင်လင်မယားကလည်းမပေးတော့ သူတို့မှာရှိတဲ့ ဓားနဲ့လိုက်ခုတ်တာ၊ လင်မယားနှစ်ယောက်က အော်တဲ့အခါမှ သူတို့က ထွက်ပြေးသွားတယ်၊ ဆိုင်ရှင် အကိုကတော့ ကျွန်တော်တို့ ဆေးရုံပို့ပေးတဲ့ချိန် ဆေးရုံအရောက်မှာပဲ ဆုံးသွားတယ်၊ ဆိုင်ရှင်အမလည်း အခုခွဲစိတ်ခန်းထဲမှာ ဆေးကုသခံယူနေတယ်”ဟု ၎င်းကဆိုသည်။

သေဆုံးသွားသည့် ဆိုင်ပိုင်ရှင်မှာ ညာဘက်လက်မောင်း ပြတ်ရှဒဏ်ရာ ၁ ချက်၊ နောက်ကျော ပြတ်ရှ ဒဏ်ရာ ၂ ချက်၊ ရင်ဘက် ဓားထိုးခံရာ ဒဏ်ရာ ၁ ချက်တို့ကြောင့် သေဆုံးခဲ့ရပြီး ဇနီးဖြစ်သူမှာ ဘယ်ဘက်ပါး ပြတ်ရှဒဏ်ရာ ၁ ချက်၊ ဘယ်ဘက်လက်ချောင်းပြတ်ရှ ဒဏ်ရာ ၁ ချက်တို့ရရှိကာ လက်ရှိအခါ ခွဲစိတ်ခန်းတွင်ဆေးကုသခံယူနေကြောင်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။