Trending Now

အောင်မြင်သာကျေးရွာ ပြည်သူအချို့ စားဝတ်နေရေး အကျပ်အတည်းကြောင့် အပန်းဖြေစခန်း ပြန်လည်ဖွင့်လှစ်ခွင့်ပြုရန် ပြည်နယ်အစိုးရထံ တောင်းဆို

Spread the love

အောင်မြင်သာကျေးရွာ ပြည်သူအချို့ စားဝတ်နေရေး အကျပ်အတည်းကြောင့် အပန်းဖြေစခန်း ပြန်လည်ဖွင့်လှစ်ခွင့်ပြုရန် ပြည်နယ်အစိုးရထံ တောင်းဆို

 

EPN
အောင်မြင်သာ၊ ဇူလှိုင် ၈

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ အောင်မြင်သာစံပြကျေးရွာနေ ပြည်သူအချို့က ၎င်းတို့၏ စားဝတ်နေရေး အတွက် အဓိက မှီခိုလုပ်ကိုင်နေရသည့် အောင်မြင်သာအပန်းဖြေ စခန်းကို ပြန်လည် ဖွင့်လှစ်ခွင့်ပေးရန် ပြည်နယ်အစိုးရထံ တင်ပြတောင်းဆို ထားကြောင်း သိရသည်။

အောင်မြင်သာ အပန်းဖြေစခန်းကို ကိုဗစ် – ၁၉ ထိန်းချုပ် ကာကွယ်ရေးအတွက် မတ်လကတည်း ယာယီပိတ်ခဲ့ရပြီး ယင်းအပန်းဖြေစခန်းကို မှီခိုလုပ်ကိုင်စားသောက်နေရသည့် အောင်မြင်သာစံပြကျေးရွာ ပြည်သူအချို့က လက်ရှိတွင် စားဝတ်နေရေးအခက်အခဲနှင့် ကြုံတွေ့နေရသည့် အတွက် ယင်းအပန်းဖြေ စခန်းကို ပြန်လည်ဖွင့်လှစ်ခွင့် ပေးရန် ပြည်နယ်အစိုးရထံတင်ပြ တောင်းဆိုထားကြောင်း အောင်မြင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနော်ဂျာက ဆိုသည်။

“ရွာသားတွေလည်း ဒီဈေးရောင်းတဲ့ အလုပ်တစ်ခုနဲ့ပဲ မှီခိုနေကြတဲ့အခါကြတော့ အင်မတန်ခက်ခဲလာတယ်။ ပြီးတော့ ရွာသားတွေကလည်း အဲ့ဒါကို ပြန်ဖွင့်ပေးဖို့ ကချင်ပြည်နယ် အစိုးရဆီမှာ အသနားခံဖို့ ခဏခဏ လာပြောတဲ့အခါကျ
တော့ ကျွန်တော်တို့ရပ်မိရပ်ဖတွေနဲ့ အဲ့ဒီဈေးကော်မတီများတွေ ညှိနှိုင်းပြီးတော့ ဖွင့်ခွင့်ပေးဖို့ ပြည်နယ်အစိုးရဆီမှာ အသနားခံစာတင်ပြထားခြင်းဖြစ်ပါတယ်” ဟု ဦးနော်ဂျာက ပြောသည်။

ယင်းအပန်းဖြေစခန်းအား ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ဇူလိုင်လ (၂) ရက်နေ့က တင်ပြတောင်းဆို ထားပြီး လက်ရှိအချိန်အထိ ပြည်နယ်အစိုးရက တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း အောင်မြင်သာ အုပ်ချုပ်ရေးမှူး ဦးနော်ဂျာက ထည့်သွင်းပြောဆိုခဲ့သည်။

အောင်မြင်သာ အပန်းဖြေစခန်းတွင် ဈေးရောင်းကာ အအသက်မွေးဝမ်းကြောင်းပြုနေသည့် အောင်မြင်သာ စံပြကျေးရွာနေ ပြည်သူသုံးပုံတစ်ပုံခန့်ရှိပြီး လက်ရှိတွင် ယင်းအပန်းဖြေစခန်း ပိတ်နေသည့်အတွက် စားဝတ်နေရေး အခက်တွေ့နေကြောင်းကို အောင်မြင်သာကျေးရွာနေ ပြည်သူတစ်ဦးက ယခုကဲ့သို့ ပြောပြသည်။

“ကျွန်တော်တို့က တစ်ရွာလုံးနီးပါးပေါ့ တခြားအလုပ်အကိုင်ဘာမှ မရှိဘူး၊ ဒါကြောင့် ခက်ခဲတာတော့ ပြောမယ်ဆိုရင် ပြောလို့ မဆုံးဘူး။ တော်တော်လေးတော့ ခက်ခဲတာ ဟုတ်ပါတယ်။ ဒီဈေးရောင်းဈေးဝယ်နဲ့ပဲ ကျွန်တော်တို့ရွာသားတွေက မှီခိုနေရတယ်။” ဟု အောင်မြင်သာ စံပြကျေးရွာနေ ပြည်သူတစ်ဦး ကပြောသည်။

အကယ်၍ ပြည်နယ်အစိုးရက ဖွင့်လှစ်ခွင့်ပေးမည်ဆိုပါက ဈေးရောင်းဈေးဝယ်သူများနှင့် လာရောက်လည် ပတ်သူများ အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည့် စည်းကမ်းသတ်မှတ်ချက် လမ်းညွန်ချက်များ အတိုင်း စနစ်တကျ ဖွင့်သွားရန်စီစဉ်ထားကြောင်း အောင်မြင်သာ ကျေးရွာ အုပ်ချုပ်ရေးမှူးက ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ကချင်ပြည်နယ်အစိုးရအဖွဲ့ ညွန်ကြားရေးမှူး ဦးဇော်ဇော်ထံ ဆက်သွယ်မေးမြန်း ခဲ့ရာ ယခုကဲ့သို့ ဖြေကြားခဲ့သည်။

“အဲ့ဒါကတော့ မသိသေးဘူးဗျ ကျွန်တော်တို့ဆီတော့ မရောက်သေးဘူး။ ကျွန်တော့မှာတော့ ဝင်တာမရှိ သေးဘူးဗျ။ တကယ်လို့ဝင်ခဲ့ရင်လည်း ကျွန်တော်ထင်တယ် ကိုဗစ် ကာလကြီးမှာတော့ ခွင့်ပြုပေးမယ်မထင်ဘူး” ဟု ဦးဇော်ဇော်က ပြောသည်။

အောင်မြင်သာစံပြကျေးရွာသည် မြစ်ဆုံဆည်စီမံကိန်းကြောင့် ၂၀၁၀ခုနှစ်ကတည်းက စတင်ပြောင်းရွေ့ လာရသည့် ပြောင်းရွေ့ ကျေးရွာတစ်ရွာဖြစ်ပြီး လက်ရှိတွင် မြစ်ဆုံစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နေသည့် CPI ကုမ္ပဏီက ဒေသခံတစ်ဦးလျှင် ဆန်သုံးပြည်နှုန်းဖြင့် လေးလတစ်ကြိမ် ထောက်ပံ့ပေးနေကြောင်း သိရသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။