Trending Now

၂၀၂၃ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို အီရန်အမျိုးသမီး မိုဟာမာဒီရရှိ

Spread the love

၂၀၂၃ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုကို အီရန်အမျိုးသမီး မိုဟာမာဒီရရှိ

EPN
နိုင်ငံတကာ၊ အောက်တိုဘာ ၄

၂၀၂၃ ခုနှစ်အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆုကို အီရန်အမျိုးသမီး အခွင့်အရေးလှုပ်ရှားသူ နာဂျေ မိုဟာမာဒီရရှိသွားခဲ့တယ်လို့ သိရပါတယ်။

“အီရန်မှာရှိတဲ့ အမျိုးသမီးတွေပေါ် ဖိနှိပ်မှုကို တွန်းလှန်ဖို့နဲ့ လူသားအားလုံးအတွက် လူ့အခွင့်အရေးနဲ့ လွတ်လပ်မှုကို မြှင်တင်ဖို့ ကြိုးပမ်းခဲ့တဲ့အတွက် သူမကို ဂုဏ်ပြုခဲ့တာပါ” လို့ အော်စလိုမြို့ရှိ နော်ဝေနိုဘယ်ကော်မတီ အကြီးအကဲ ဗဲရစ် အန်ဒါဆန်က ပြောကြားခဲ့ပါတယ်။

အသက် ၅၁ နှစ်အရွယ် မိုဟာမာဒီဟာ တီဟီရန် အကျဉ်းထောင်အတွင်းမှာ လက်ရှိ အကျဉ်းကျခံနေရသူတစ်ဦးဖြစ်ပြီး အီရန်စာရေးဆရာ၊ လူ့အခွင့်အရေးလှုပ်ရှားသူ နဲ့ လူ့အခွင့်အရေးကာကွယ်သူများစင်တာ (DHRC) ၏ လက်ထောက်ညွှန်ကြားရေးမှူးဖြစ်ပါတယ်။

မိုဟာမာဒီဟာ ၂၀၁၉ ခုနှစ်မှာ ဆန္ဒပြပွဲအတွင်း သေဆုံးသွားခဲ့ရသူတွေအတွက် အောက်မေ့ဖွယ်အခမ်းအနားကို တက်ရောက်ခဲ့ပြီးနောက် အာဏာပိုင်တွေက ဖမ်းဆီးခဲ့တာဖြစ်ပြီး “နိုင်ငံတော် ဆန့်ကျင်ရေး ဝါဒဖြန့်မှု” အတွက် ၁၂ နှစ်အထိ ထောင်ဒဏ် ကျခံနေရသလို ကြိမ်ဒဏ်ပေါင်း ၁၅၄ ချက် ချမှတ်ခံခဲ့ရသူတစ်ဦးဖြစ်ပါတယ်။

ကြမ်းတမ်းတဲ့ ပြစ်ဒဏ်တွေအတွက် သူမရဲ့ အမှုကို ပြန်လည်သုံးသပ်ဖို့ နိုင်ငံတကာက တောင်းဆိုထားပြီး လူ့အခွင့်အရေးလှုပ်ရှားမှု ရှည်လျားတဲ့ သမိုင်းကြောင်းရှိတဲ့ မိုဟာမာဒီဟာ ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိတဲ့ ၁၉ ယောက်မြောက် အမျိုးသမီးဖြစ်လာခဲ့ပါတယ်။

ငြိမ်းချမ်းရေးနိုဘယ်ဆုကို ကြေညာပြီးနောက် တည်ထောင်သူ အဲလ်ဖရက် နိုဘယ်လ် ကွယ်လွန်ခြင်း နှစ်ပတ်လည်နေ့ဖြစ်တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ အော်စလိုမြို့တော်ခန်းမမှာ ဆုပေးအပ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

နိုဘယ်ဟာ ၁၉ ရာစုနှစ်က ဆွီဒင်နိုင်ငံက စီးပွားရေးသမားနဲ့ ဓာတုဗေဒပညာရှင်တစ်ဦးဖြစ်ပြီး ဒိုင်းနမိုက်ကို တီထွင်နိုင်ခဲ့ပြီးနောက် ဓနဥစ္စာကြွယ်ဝလာသူတစ်ဦးဖြစ်ပါတယ်။

သူရဲ့ အသက်ကုန်ဆုံးခါနီးမှာ သူတီထွင်ခဲတဲ့ ဒိုင်းနမိုက်ကြောင့် လူသားတွေ ထိခိုက်နစ်နာမှုကို မြင်တွေ့ခဲ့ရပြီး သူစုဆောင်းခဲ့တဲ့ ငွေတွေကို “လူသားတို့အတွက် အကြီးမားဆုံး ပေးဆပ်ခဲ့သူတွေကို” နှစ်စဉ် ဆုအဖြစ် ပေးအပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ကွယ်လွန်ပြီးနောက် ငါးနှစ်အကြာ ၁၉၀၁ ခုနှစ်မှာ ပထမဆုံး နိုဘယ်လ်ဆုကို ပေးအပ်ခဲ့ပြီး နိုဘယ်လ်ရဲ့ အဆိုအရ ငြိမ်းချမ်းရေးဆုဟာ ” လူသားတွေအတွက် စည်းလုံးညီညွတ်မှု ဒါမှမဟုတ် လူသားတွေအတွက် အကောင်းဆုံးအကျိုးပြုခဲ့သူတွေကို” ချီးမြှင့်မယ်လို့ ဆိုပါတယ်။

ref; aljazeera

 


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။