Trending Now

ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်များအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် ပြည်သူများအတွက် အခြေခံစားသောက်ကုန် (၅)မျိုးထောက်ပံ့ပေးနေမှုကို ကြည့်ရှုအားပေး

Spread the love

ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်များအတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် ပြည်သူများအတွက် အခြေခံစားသောက်ကုန် (၅)မျိုးထောက်ပံ့ပေးနေမှုကို ကြည့်ရှုအားပေး

EPN
မြစ်ကြီးနား၊ ဧပြီ ၁၀

နိုင်ငံတော်အစိုးရမှ မဟာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း မြန်မာနိုင်ငံတစ်ဝှမ်းရှိ ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစားများအတွက် အိမ်ထောင်စုတစ်စုလျှင် အခြေခံစားသောက်ကုန်ပစ္စည်း (၅) မျိုးကို ဝေငှပေးသွားမည်ဖြစ်ရာ ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်များ၌ စားသောက်ကုန် ပစ္စည်းများ စတင်ဝေငှပေးခြင်းလုပ်ငန်းများဆောင်ရွက်နေမှုကို ကချင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာ ခက်အောင်က သွားရောက်ကြည့်ရှုစစ်ဆေး၍ ပြည်သူများအား တွေ့ဆုံအားပေးသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်သည်ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ပေါ်ရှိ အေးစေတီရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ စာရင်းကောက်ယူထားသည့် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံ လူတန်းစား မိသားစုများအတွက် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ဆန်(၈) ပြည်၊ ဆီ (၅၀)သား၊ ကုလားပဲ (၁)ပိဿာ၊ ဆား (၅၀)ကျပ်သား၊ ကြက်သွန် (၁)ပိဿာအပါအဝင် အလှူရှင်တစ်ဦး၏ ခရမ်းချဉ်သီး (၁)ပိဿာ ဖြည့်စွက်ဝေငှပေးနေမှု အခြေအနေကို ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရွှေညောင်ပင်ရပ်ကွက်၊ အောင်နန်းရပ်ကွက်၊ ခေမာသီရီရပ်ကွက်နှင့် မြေမြင့်ရပ်ကွက်တို့တွင် ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားမိသားစုများအား နိုင်ငံတော်မှ ထောက်ပံ့သည့် အခြေခံစားသောက်ကုန်ပစ္စည်း (၅)အပြင် အလှူရှင်များ၏ စားကုန်ပစ္စည်း များအပိုဆောင်းဝေငှပေးနေမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီး ချုပ်က လာရောက်ထုတ်ယူသည့် မိသားစုဝင်များအား နိုင်ငံတော်အစိုးရမှ သင်္ကြန်ကာလအတွင်း နေထိုင် စားသောက်ရေး အဆင်ပြေစေရန် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ ထို့အပြင် ပြည်သူများအနေဖြင့် COVID-19 ရောဂါကာကွယ်ရေးအတွက် မိမိတို့နှင့်အတူ ပူးပေါင်းပါဝင်ကြ‌ရေး ရင်းရင်းနှီးနှီး တွေ့ဆုံ အားပေးစကားပြောကြားခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများအား မိမိတို့ရပ်ကွက်များ အတွင်း အမှန်တကယ်ရသင့်သည့် မိသားစုဝင်များ ကျန်ရှိမှုမရှိစေရေး အလေးထား ဝေငှပေးရန် လို ကြောင်း တိုက်တွန်းမှာကြားခဲ့သည်။

ကချင်ပြည်နယ်အတွင်း အခြေခံစားသောက်ကုန်ပစ္စည်းများ ဝေငှခြင်းအစီအစဉ်ကို မြစ်ကြီးနား မြို့နယ်အတွင်း ရပ်ကွက် (၂၈)ရပ်ကွက်၊ ကျေးရွာအုပ်စု (၃)စုဖြင့် စုစုပေါင်း (၃၁)ခုရှိ အိမ်ထောင်စု (၁၁၄၈၇)စု၊ လူဦးရေ (၅၄၅၅၂) ဦးတို့အတွက် စတင်ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း သိရှိရပြီး စားသောက် ကုန်များဝေငှခြင်းအတွက် ပြည်နယ်အတွင်းရှိ မြို့နယ်(၁၈)မြို့နယ်တွင် ရပ်ကွက်ကျေးရွာအုပ်စုပေါင်း (၅၅၄)ခုတို့တွင် လတ်တလောကောက်ယူသည့် စာရင်းများအရ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း (၁)သိန်းကျော်နှင့် မိသားစုဝင်လူဦးရေ (၅)သိန်းကျော်ရှိကြောင်းနှင့် ကချင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် အဆိုပါ စာရင်းများတွင် အမှန်တကယ် လိုအပ်သူများ ကျန်ရှိမှုမရှိစေရေး ပြန်လည် စိစစ်ကောက်ယူခြင်းကိုလည်း စီမံဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။