Trending Now

“ရှေ့သို့ချီမည် ပန်းတိုင်ဆီ” “Keep Moving Forward To Achieve Our Goal” ဆိုသည့်အတိုင်း နိုင်ငံ စီးပွားတိုးတက်ရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်

Spread the love

“ရှေ့သို့ချီမည် ပန်းတိုင်ဆီ” “Keep Moving Forward To Achieve Our Goal” ဆိုသည့်အတိုင်း နိုင်ငံ စီးပွားတိုးတက်ရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်

EPN
နေပြည်တော်၊ နိုဝင်ဘာ – ၃

“ရှေ့သို့ချီမည် ပန်းတိုင်ဆီ” “Keep Moving Forward To Achieve Our Goal” ဆိုသည့်အတိုင်း နိုင်ငံ စီးပွားတိုးတက်ရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောဆိုသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၆/၂၀၂၃)ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။

မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကိုအခြေခံ၍ စီးပွားရေး လုပ်ငန်းများကိုဆောင်ရွက်သည့်နိုင်ငံတစ်ခုဖြစ်သဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေး အလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊ အဓိက အားဖြင့် စိုက်ပျိုးရေးတွင် စပါး၊ ပဲ၊ ပြောင်းနှင့် ဆီထွက်သီးနှံများ၊ နှစ်ရှည်ပင်များဖြစ် ကြသည့် ကော်ဖီနှင့်ရာဘာစိုက်ပျိုးခြင်းများ၊ မွေးမြူရေးတွင်အဓိက စားသုံးကြသည့် ကြက်၊ ဝက်၊ အမဲ၊ ဆိတ်နှင့် ငါးများကို နိုင်ငံအတွင်းစိုက်ပျိုးမွေးမြူနိုင်ကြောင်း၊ ၂၀၁၉ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ မိမိတို့နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်တွင်နေထိုင်ကြပြီး တစ်နိုင်ငံလုံးလူဦးရေ၏ ၄၅ ရာခိုင်နှုန်းခန့်သည် စိုက်ပျိုးရေးလုပ်ငန်းများနှင့်ဆက်စပ်လုပ်ငန်းများကို ဆောင်ရွက် နေခြင်းဖြစ်သဖြင့် မိမိတို့နိုင်ငံ၏စီးပွားရေးကို အဓိကမောင်းနှင်နေသူများဖြစ်ပြီး ၎င်းတို့၏ကုန်ထုတ်လုပ်မှုများကို မြှင့်တင်ဆောင်ရွက် ပေးရန်လိုအပ်သည်။

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှထွက်ရှိလာသည့် ထွက်ကုန်များဖြင့် စက်မှု ထုတ်ကုန်များကို ထုတ်လုပ်၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်ရန်လို ကြောင်း၊ ထုတ်ကုန်ပစ္စည်းများရှိမှသာ ကုန်ပစ္စည်းရောင်းဝယ်မှုများဖြစ် ပေါ်လာမည် ဖြစ်ကြောင်း၊ သို့မှသာ ဆက်စပ်နှီးနွယ်နေသော ဝန်ဆောင်မှုလုပ်ငန်းများ၊ ငွေရေးကြေး ရေးလုပ်ငန်းများဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့်ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်စေရေး နိုင်ငံတော်အနေဖြင့်အားပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအားပေးဆောင်ရွက်ခြင်းနှင့် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေများ ထုတ်ပေးပြီးနိုင်ငံ့စီးပွားမြှင့်တင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ကြီး ဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် အဆိုပါလုပ်ငန်းများ တိုးတက်အောင်မြင်မှုရှိ/မရှိ ပြန်လည်သုံးသပ်၍ဆောင်ရွက်ကြရန်လိုအပ်သည်။

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေ ခံ၍ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ ပန်းတိုင် ရည်မှန်းချက်အတိုင်း ထွက်ရှိမှုရှိ/မရှိ၊ မွေးမြူ ရေးလုပ်ငန်းများတိုးတက်အောင်မြင်မှု ရှိ/မရှိ ချိန်ထိုးသုံးသပ်ဆောင်ရွက်ကြည့်ရန်လိုကြောင်း၊ မိမိတို့အနေဖြင့်“ရှေ့သို့ချီမည် ပန်းတိုင်ဆီ” “Keep Moving Forward To Achieve Our Goal” ဆိုသည့်အတိုင်း နိုင်ငံ စီးပွားတိုးတက်ရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် မိမိတို့ တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းများအောင်မြင်စေရန်အတွက်မရရအောင် လုပ်မည်ဆိုသည့်စိတ်မွေး၍ ဆောင်ရွက်သွားမည်ဆိုပါက မျှော်မှန်းသည်ထက်ပိုမို တိုးတက်အောင်နိုင်မြင်မည်ဖြစ်သည်။

စပါးစိုက်ပျိုးမှုနှင့်ပတ်သက်၍ ၂၀၂၂-၂၀၂၃ ခုနှစ်မိုးတွင်းကာလတွင် တစ်နိုင်ငံ လုံး လယ်စပါးစိုက်ပျိုးမှုအနေဖြင့် စိုက်ပျိုးဧက ၁၃ ဒသမ ၁၇ သန်းစိုက်ပျိုးခဲ့ပြီး ပျမ်းမျှ အထွက်နှုန်းအနေဖြင့် ၇၄ ဒသမ ၈၃ ရာခိုင်နှုန်းသာရှိခဲ့ကြောင်း၊ မိုးစပါးစိုက်ပျိုးမှု ပန်းတိုင်အထွက်နှုန်းမှာ တစ်ဧကလျှင်တင်း ၁၀၀ ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး လယ်စိုက် ပျိုးမှု၊ တောင်ယာနှင့် အခြားမြေများ၌စပါးစိုက်ပျိုးမှုများအပါအဝင် စုစုပေါင်းစပါး စိုက်ပျိုးမှု မှာ ၁၄ ဒသမ ၉ သန်းရှိပြီး ပျမ်းမျှအထွက်နှုန်းအနေဖြင့် ၇၃ ဒသမ ၁၁ သန်းဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း(၄)မျိုး ကို စနစ်တကျဖင့်ဆောင်ရွက်မည်ဆိုပါက စိုက်ပျိုးရေးအထွက်နှုန်းများ ကောင်းမွန်မည်ဖြစ်ကြောင်း၊ အထွက်နှုန်းကောင်းမွန်သည့် မျိုးများစိုက်ပျိုးရန် လိုကြောင်း၊ မြေပြုပြင်ရာတွင်လည်း စနစ်တကျဖြင့်ဆောင်ရွက်ရန်လိုပြီး လိုအပ်သည့် မြေဩဇာများ ရရှိရေးအတွက်လည်း ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများကို စနစ်တကျ အသုံးပြုရန်လိုအပ်သည်။

မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် နှစ်များအတွင်း မိုးတွင်းကာလများ၌ စိုက်ပျိုးရေးကိုထိခိုက်စေနိုင်သည့် ရေပြတ်လပ်မှုများမရှိခဲ့ကြောင်း၊ မြေအနေဖြင့် လည်း ပြောစရာမရှိကြောင်း သို့သော်စိုက်နည်းစနစ်များ မှန်ကန်စွာဖြင့် ကောက်ကွက် များ ပြည့်မီအောင်စိုက်ပျိုးရန်လိုကြောင်း၊ ကြဲပက်၍စိုက်ပျိုးမည့်အစား အနည်းဆုံး တိုက်ရိုက်အစေ့ချစနစ်ဖြင့် စိုက်ပျိုးရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် စိုက်ပျိုးမှုများ အောင်မြင်တိုးတက်အောင် ဆောင်ရွက်နိုင်မှသာ GDP များ တိုးတက်လာ မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ဒေသတွင်းနိုင်ငံများ၌ GDP နည်းပါးကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ အနေဖြင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများနှင့်ယင်းကိုအခြေခံသည့် MSME များအောင်မြင်စေရေး ကြိုးပမ်းဆောင် ရွက်ကြရန်လိုအပ်သည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့်တက်ရောက်ကြသည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။