Trending Now

ဆိုးရွားစွာကြုံတွေ့နေရတဲ့ လူငယ်တွေရဲ့အနာဂတ်

Spread the love

ဆိုးရွားစွာကြုံတွေ့နေရတဲ့ လူငယ်တွေရဲ့အနာဂတ်

EPN
ဆောင်းပါး၊ စက်တင်ဘာလ ၂၇ ရက်နေ့။
မင်းသန့် ရေးသားသည်။

ယခုအချိန်ကာလမှာ အဝေးသင်တက္ကသိုလ် ကျောင်းသားတွေရဲ့ စာမေးပွဲ ဖြေဆိုရမယ့် အချိန်ကာလ တစ်ခုပဲ ဖြစ်ပါတယ်။ မြို့ပေါ်နေ ကျောင်းသားတွေအတွက် အေးချမ်းစွာ ဖြေဆိုနိုင်ပေမယ့် ဝေးလံတဲ့ ဒေသတွေကနေ လာရောက်ဖြေဆိုမယ့် ကျောင်းသားတွေ အတွက်ကတော့ ပြဿနာတစ်ရပ်နဲ့ ကြုံတွေ့နေရပါတယ်။

အဲ့ဒါကတော့ KIA ကနေ ကချင်ပြည်နယ် တနိုင်းတို့၊ ပူတာအိုတို့၊ ချီဖွေ၊ ပန်ဝါ၊ ဆော့လော်တို့ဘက်ကနေ မြစ်ကြီးနားကို လာတဲ့ ခရီးသွားပြည်သူတွေကို ဦးတည်ပြီး လူသစ်စုဆောင်းခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ ငွေဖြင့် ပြန်လည်ရွေးခိုင်းခြင်းတွေကို အခုနှစ်အတွင်း အကြိမ်ကြိမ် ပြုလုပ်လာလို့ပဲ ဖြစ်ပါတယ်။

ကျောင်းသားမိဘတွေ အနေနဲ့ကလည်း မိမိတို့ သားသမီးတွေကို ပညာတတ်ဘွဲ့ရ ဖြစ်စေချင်ပေမယ့်လည်း လမ်းခရီးမှာ အန္တရာယ် များလွန်းလှတာကြောင့် စေလွှတ်ဖို့ အခက်အခဲတွေ ဖြစ်နေရပါတယ်။ လမ်းခရီးမှာ အန္တရာယ်ကင်းစေဖို့ မိဘတွေအတွက် အာမခံချက်တစ်ခုကို လိုအပ်နေတာ ဖြစ်သလို ကလေးငယ်တွေရဲ့ ပညာရေးကိုလည်း နှောင့်နှေးစေမှာဘဲ ဖြစ်ပါတယ်။

တပ်မတော်နဲ့ KIA ကြား တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာပြီးတဲ့နောက်မှာ KIA ကနေ လူသစ် စုဆောင်းတာ၊ ဆက်ကြေးကောက်ခံတာ၊ ငွေဖြင့် ပြန်လည် ရွေးခိုင်းတာတွေကို ပိုမိုပြုလုပ်လာတာကို တွေ့ရပါတယ်။ ခရီးသွားပြည်သူတွေကို ဦးတည်ပြီး ပြုလုပ်လာတဲ့အတွက် အစိုးရဝန်ထမ်းတွေ၊ တစ်နယ်တစ်ကျေးကိုထွက်ပြီး အလုပ်လုပ်ကိုင်တဲ့သူတွေ နေရပ်ပြန်ဖို့ အခက်အခဲတွေ ရှိလာပါတယ်။ အခုလို နိုင်ငံရေး ပဋိပက္ခတွေ တင်းမာနေတဲ့အချိန် နေရပ်ပြန်ချင်ပေမယ့် မပြန်ရဲတဲ့ သူတွေလည်း အများအပြား ရှိလာပါတယ်။ အဓိက လူငယ်တွေဆိုရင် နေရပ်ပြန်ရင် လူသစ်စုဆောင်းခံရမှာစိုးလို့ ဖြစ်သလိုနေပြီး ဘဝကို ဖြတ်သန်းနေရသူတွေလည်း ရှိနေပါတယ်။

ပြီးခဲ့တဲ့ လဆန်းပိုင်းအတွင်းကလည်း ပန်ဝါ၊ ချီဖွေ ဒေသမှာ အလုပ်လုပ်ကိုင်ပြီး နေရပ် ပြန်ကြသူတွေကို လမ်းခုလတ်တွေမှာ နေ့စဉ် စောင့်ဆိုင်းဖမ်းဆီးကာ ဆိုင်လော် ကျေးရွာအုပ်စု အတွင်းမှာရှိတဲ့ ရွာတွေကိုချိန်းပြီး ငွေနဲ့ ရွေးခိုင်းခဲ့တာကို တွေ့ရပါတယ်။ ဒီလို နေရပ်အပြန်မှာ ဖမ်းဆီးခံရသူတွေ ရာဂဏန်းခန့်ရှိနေတယ်လို့ သတင်းမှတ်တမ်းတွေမှာ တွေ့မြင်လာရပါတယ်။ ဒီလို အခြေအနေတွေကြောင့် နေရပ်ပြန်လိုသူတွေ နေရပ်ကို မပြန်ရဲကြတာပဲ ဖြစ်ပါတယ်။

ဒီရက်ပိုင်းမှာ ဆိုရင်လည်း ချန်းမော်ခုန်း ဒေသကနေထိုင်တဲ့ လူငယ်လေးတစ်ယောက်က ဝိုင်းမော်မြို့နေသူ သတို့သမီးကို ရိုးရာဓလေ့ထုံးတမ်းအရ မိသားဖသားပီပီ လာရောက် တောင်းရမ်းပြီးအပြန်လမ်းခုလတ် နမော်ဇွပ် ကျေးရွာ အနီးမှာ KIA အဖွဲ့က စက်တင်ဘာလ ၁၇ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဖြစ်ရပ် ရှိခဲ့ပါတယ်။

ဒါ့အပြင် မြစ်ကြီးနားမြို့ကနေ ဆင်ဘိုမြို့ကို အမြန်ရေယာဉ် စက်လှေနဲ့ ခရီးသွားတဲ့ ပြည်သူ (၇) ဦးကို စက်တင်ဘာ ၁၉ ရက်နေ့က KIA တပ်ရင်း (၁၁) ကနေ ဖမ်းဆီးသွားခဲ့ပြီး စက်တင်ဘာလ ၂၂ ရက်နေ့က ပြန်လည် လွတ်မြောက်လာတာကိုလည်း သတင်းစာမျက်နှာတွေမှာ ဖော်ပြလာတာကို တွေ့ရပါတယ်။

KIA တပ်ရင်း (၁၁) လက်အောက် အဖွဲ့ကနေ စက်တင်ဘာ (၁၉)ရက်နေ့က မြစ်ကြီးနား – ဆင်ဘို ပြေးဆွဲနေတဲ့ အမြန်ရေယာဉ် စက်လှေပေါ်က ခရီးသွားပြည်သူ (၇) ဦးကို အတင်းအဓမ္မ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးခြင်းခံခဲ့ရတဲ့ လူငယ်တွေဆိုရင် အမျိုးသား (၂) ဦး၊ အမျိုးသမီး (၅) ဦး စုစုပေါင်း (၇) ဦး ဖြစ်ပြီး၊ ဖမ်းဆီးခံရသူတွေ ဆင်ဘိုမြို့ အောင်ချမ်းသာရပ်ကွက်၊ မန်လေရွာ၊ ပင်တော်ကျေးရွာတို့က လူငယ်တွေ ပါဝင်ပြီး အခြားကျေးရွာ၊ မြို့နယ်တို့က လူငယ်တွေလည်း ပါဝင်တာကို တွေ့ရမှာ ဖြစ်ပါတယ်။

လက်ရှိ အခြေအနေက ဒေသတွင်း လူငယ်တွေအတွက် အိမ်မက်ဆိုးတစ်ခုလို ဖြစ်နေပါတယ်။ ဖမ်းဆီးမှုတွေကို ကြည့်ရင်လည်း လူငယ်တွေအများဆုံး ပါဝင်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ KIA ကနေ ခရီးသွားပြည်သူတွေကို လူသစ်ဆွဲခြင်း၊ ဆက်ကြေးကောက်ခြင်းသာမကပဲ ရပ်ကျေးတာဝန်ခံ၊ ဒေသခံတွေကိုပါ ဖမ်းဆီးခဲ့တာဆိုရင်လည်း ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်းကဆိုရင် ရပ်ကျေး တာဝန်ခံတစ်ဦးနဲ့ ဒေသခံ ပြည်သူတစ်ဦး ဖမ်းဆီးခံခဲ့ရတာ ယနေ့အချိန်အထိ လွတ်မြောက်လာခြင်း မရှိသေးပါဘူး။

ဖမ်းဆီးခံရတဲ့ နေရာတွေဟာဆိုရင်လည်း KIA လက်နက်ကိုင်အဖွဲ့ကနေ ယခင် လူသစ်ဆွဲ၊ ဆက်ကြေးကောက်ခံတဲ့ နေရာတွေအပြင် ယခုရက်ပိုင်းမှာ လမ်းပိုင်းသို့ နေရာတွေ ပြောင်းရွှေ့ပြီး ခရီးသွားပြည်သူတွေကို ဆက်ကြေးကောက်ခြင်း၊ လူငယ်၊ လူရွယ်တွေကို ဖမ်းဆီးကာ ငွေနဲ့ပြန်လည် ရွေးယူခိုင်းတဲ့ ပြန်ပေးဆွဲမှုတွေကိုပါ ပြုလုပ်လာတာပဲ ဖြစ်ပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ဆိုရင်လည်း KIA/KPDF အဖွဲ့က ချောင်းမြောင်းပစ်ခတ် လုပ်ကြံခဲ့လို့ ဖားကန့်ဆေးရုံမှာ ဆေးကုသမှု ခံယူနေတဲ့ ရဲဝန်ထမ်းတစ်ဦးကို စက်တင်ဘာလ ၂၅ ရက်နေ့က ထပ်မံလုပ်ကြံလို့ သေဆုံးခဲ့ရပါတယ်။ သေဆုံးခဲ့တဲ့ ရဲဝန်ထမ်းဟာ စက်တင်ဘာ ၂၁ ရက်နေ့က ဆိပ်မူ (ဆိုင်းတောင်) ကျေးရွာမှာ ဆေးခန်းသွားပြချိန် KIA / KPDF လက်နက်ကိုင် အဖွဲ့ရဲ့ ချောင်းမြောင်း ပစ်ခတ်ခြင်းကြောင့် အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး၊ ဖားကန့်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေတာကို စက်တင်ဘာ ၂၅ ရက်နေ့၊ နေ့လည် ၂ နာရီ အချိန်ခန့်မှာ KIA/ KPDF အဖွဲ့ကနေ ဆေးရုံအတွင်းကို ဝင်ရောက်ပြီး သေနတ်နဲ့ အနီးကပ် ပစ်သတ်ခဲ့တာပဲ ဖြစ်ပါတယ်။

လက်ရှိ အခြေအနေက ခရီးသွား ပြည်သူတွေသာမကပဲ ဒေသတွင်း လုံခြုံရေးကိုပါ ခြိမ်းခြောက်လာနေတဲ့ အခေအနေပဲ ဖြစ်ပါတယ်။ အစိုးရဝန်ထမ်းတွေ၊ ခရီးသွားပြည်သူတွေ၊ ဒေသတွင်း နေထိုင်လျက်ရှိတဲ့ ပြည်သူတွေ အနေနဲ့ ကျီးလန့်သာ စားနေရတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ ပြည်သူအများစုကလည်း အခုလို လုပ်ရပ်တွေကို ရှုံ့ချလာကြတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်ဟာဆိုရင် လူငယ်တွေရဲ့ ပညာရေးကို ဦးစားပေးရမယ့် အချိန်ဖြစ်တာကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေ အဝေးသင်တက္ကသိုလ် စာမေးပွဲဖေတိုမယ့် ကျောင်းသားတွေအတွက် ဦးစားပေးဆောင်ရွက်ပေးရမယ့် အချိန်ကာလ တစ်ခုလည်း ဖြစ်ပါတယ်။ ဒီလိုသာ ဆက်သွားနေမယ်ဆိုရင်တော့ ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးကိုပါ ထိပါးလာစေနိုင်တဲ့အပြင် လမ်းခရီး လုံခြုံစိတ်ချမှု မရှိစေတာကြောင့် ဒေသတွင်း ကုန်စျေးနှုန်း အဆမတန် ကြီးမြင့်တာတွေကိုလည်း ဖြစ်ပေါ်လာစေနိုင်ပါတယ်။

အခုရေးသား ဖော်ပြတဲ့အကြောင်းအရာတွေက ကချင်ပြည်နယ် အတွင်းမှာ နေ့စဉ် ကြုံတွေ့ ကြားသိနေရတဲ့ အကြောင်းတွေပဲ ဖြစ်ပါတယ်။ အခြား တိုင်းနဲ့ ပြည်နယ်တွေမှာလဲ လုံခြုံရေးနဲ့ နယ်မြေတည်ငြိမ်အေးချမ်းမှု အားနည်းတဲ့နေရာတွေမှာလဲ ဒီလိုဖြစ်ရပ်မျိုးကြုံတွေ့နေရတာတွေကို နေ့စဉ်ကြားသိနေရပါတယ်။ ကျောင်းမဖွင့်နိုင်တဲ့ ကျေးရွာတွေ၊ နေ့စဉ် ဝမ်းစာရေးအတွက် အခက်အခဲ မျိုးစုံ ကြုံတွေ့နေရတဲ့အပြင် မိမိရပ်ရွာကိုစွန့်ခွာနေရပြီး စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေ ဒုနဲ့ဒေးပါပဲ။

ဒေသတွင်း တည်ငြိမ်အေးချမ်းမှသာလျင် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး အစရှိတဲ့ ကဏ္ဍတွေ ဖွံဖြိုးတိုးတက်လာစေမှာ ဖြစ်ပါတယ်။ လူငယ်တွေရဲ့ အနာဂါတ်ဟာ ဆိုရင်လည်း ခြိမ်းခြောက်မှုတွေနဲ့ ကြုံတွေ့နေရတာပဲ ဖြစ်ပါတယ်။ ပြည်သူတွေကလည်း တည်ငြိမ်အေးချမ်းမှုကို အခုချိန်မှာ ပိုကြီးလိုလား လာကြတာကို တွေ့ရပါတယ်။

ပြည်သူတွေလိုလားတဲ့ တည်ငြိမ်အေးချမ်းမှုကို အကောင်အထည်ဖော် ဆောင်ရွက်ပေးသင့်တဲ့ အချိန်တစ်ခုလည်း ဖြစ်တာကြောင့် ပြည်သူ့အတွက်ဆိုပြီး ကြွေးကြော်ထားတဲ့ ပြည်သူ့အဖွဲ့အစည်းတွေ အနေနဲ့ ပြည်သူတွေရဲ့ အခက်အခဲ အကြပ်အတည်းကို ပူးပေါင်းပါဝင် ဆောင်ရွက်သင့်ကြောင်းကို ရေးသားအကြံပြု ဖော်ပြလိုက်ရပါတယ်။

မင်းသန့်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။