Trending Now

လျှပ်စစ်မီးပြတ်တောက်နေသည့်အတွက် ဖုန်းများနှင့် အခြားလျှပ်စစ်ပစ္စည်းများ အားသွင်းနိုင်ရန် ဖားကန့် လျှပ်စစ်ရုံးမှ ဆောင်ရွက်ပေးထား

Spread the love

လျှပ်စစ်မီးပြတ်တောက်နေသည့်အတွက် ဖုန်းများနှင့် အခြားလျှပ်စစ်ပစ္စည်းများ အားသွင်းနိုင်ရန် ဖားကန့် လျှပ်စစ်ရုံးမှ ဆောင်ရွက်ပေးထား

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၆ (၂၀၂၄)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ဖေဖော်ဝါရီလ (၄)ရက်နေ့မှ စတင်ကာ လျှပ်စစ်ဓာတ်အားလိုင်းများ ပြတ်တောက်သွားခဲ့သည့်အတွက် ဖားကန့်မြို့ရှိ ဒေသခံများ ဖုန်းနှင့် အခြားလျှပ်စစ်ပစ္စည်းများ အားသွင်းနိုင်ရန်အတွက် ဖားကန့်လျှပ်စစ်ရုံးမှ ဆောင်ရွက်ပေးထားကြောင်း ဒေသခံများထံမှ သိရသည်။

ဖားကန့်မြို့နေ ဒေသခံများအတွက် ဖားကန့်မြို့ လျှပ်စစ်ရုံး ဝန်ထမ်းမိသာစုဝင်များ စုပေါင်းပြီး ငှက်ပျောတောရပ်ကွက်ရှိ လျှပ်စစ်ရုံးရှေ့တွင် မီးစက်နှိုးကာ ဖုန်းအားသွင်းရန်နှင့် အခြားလျှပ်စစ်ပစ္စည်းများ အားသွင်းနိုင်ရန် စီစဉ်ပေးထားကြောင်း ဖားကန့် လျှပ်စစ်ရုံးမှ ဝန်ထမ်းတစ်ဦးက ပြောသည်။

” ၄ ရက်နေ့လောက်ထဲက ကျွန်တော်တို့ ဖားကန့်ဘက်မှာ ဓာတ်အားလိုင်းပြတ်သွားတာ။ အခုလိုခေတ်မှာက လျှပ်စစ်ပစ္စည်းတွေက အသုံးများတယ်။ အဓိကကတော့ ဖုန်းအားသွင်းနိုင်ဖို့ဖြစ်တယ်။ ဖားကန့်ရုံးရှေ့မှာဘဲ ပလပ်ခုံတွေနဲ့ ထားပေးထားတယ်။ ဓာတ်အားလိုင်း ပြန်မရမခြင်းထိတော့ ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ် ” ဟု ၎င်းကပြောသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့၊ နံနက်ပိုင်းက နန့်တိမ်းဂိတ်အနီး တပ်မတော်နှင့် KIA/PDF ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး၊ ယင်းတိုက်ပွဲကြောင့် ၆၆ ကေဗွီဓာတ်အားလိုင်းကို လက်နက်ကြီးကျည် ထိမှန်ကာ မိုးကောင်း- ဖားကန့် လျှပ်စစ်ဓာတ်အားလိုင်း ပြတ်တောက်သွားခြင်းဖြစ်ကြောင်းသိရသည်။

” တိုက်ပွဲကြောင့် မီးပျက်သွားထဲက မီးစက်တွေရှိရာ ဆိုင်တွေမှာ နာရီပိုင်းနဲ့ အခကြေးငွေပေးပြီး သွင်းနေရတယ်။ အခုလို ပြည်သူတွေအတွက် အခမဲ့ ဖုန်းအားသွင်းတာတွေ လုပ်ပေးထားတော့ ကျေးဇူးတင်ပါတယ် ” ဟု ဖားကန့်မြို့နေ ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိအချိန်ထိ ပျက်စီးသွားသော ၆၆ ကေဗွီဓာတ်အားလိုင်းကို ပြုပြင်ရန် မဆောင်ရွက်နိုင်သေးသည့်အပြင် သွားရောက်ပြုပြင်ရန် ဝန်ထမ်းတွေအတွက် လုံခြုံရေးကို အဓိကထား ဆွေးနွေးဆောင်ရွက်နေရကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။