Trending Now

လပွတ္တာမြို့နယ်တွင် မိုးစပါးများအထွက်နှုန်း ကျဆင်း၍ တောင်သူများ အရှုံးပေါ်နေ

Spread the love

လပွတ္တာမြို့နယ်တွင် မိုးစပါးများအထွက်နှုန်း ကျဆင်း၍ တောင်သူများ အရှုံးပေါ်နေ

 

EPN
လပွတ္တာ၊ မတ်လ ၈

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်တွင် မိုးနှောင်းကာလက စိုက်ပျိုးခဲ့သည့် မိုးစပါးများ ရိတ်သိမ်းရာတွင် အထွက်နှုန်း ကျဆင်း၍ တောင်သူများအရှုံးနှင့် ရင်ဆိုင်နေရကြောင်းဒေသခံတောင်သူများထံမှသိရသည်။

လပွတ္တာမြို့နယ်တွင် ၂၀၂၁ခုနှစ် မိုးစပါးစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် မိုးစပါးများကို အပတ်က စတင်ရိတ်သိမ်းခဲ့ရာ စပါးတစ်ဧကလျှင် ၆၅ တင်းနှုန်းသာထွက်ရှိပြီး ယခင်နှစ် မိုးစပါးရိတ်သိမ်းရာသီက စပါးတစ်ဧက ၉၇ တင်းအထိ ထွက်ရှိကြောင်း သိရသည်။

ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီက ဓာတ်မြေသြဇာများဈေးနှုန်း အဆမတန်မြင့်တက်ခဲ့၍ ဓာတ်မြေသြဇာ လုံလောက်စွာ အသုံးပြု ကျွေးနိုင်ခြင်း မရှိခြင်းကြောင့် နှင့် စက်သုံးဆီဈေးများ မြင့်တက်ခဲ့သဖြင့် ထယ်ရေးကုန်အောင်ဖော်၍ မစိုက်နိုင်ခြင်းတို့ကြောင့် ဖြစ်သည်ဟု တောင်သူများက ဆိုသည်။

”ယခင် နှစ်မိုးစပါး စိုက်ရာသီက စိုက်ပျိုးပြီး ပြန်ရိတ်သိမ်းရာမှာ စပါးတစ်ဧကကို ၉၇ တင်းအထိထွက်ရှိခဲ့ပါတယ်။ ယခုနှစ်စပါးရိတ်သိမ်းရာမှာတော့ ၆၅ တင်းတောင် မနည်းလုပ်နေရပါတယ်။ အသီးတွေကလည်းမကောင်းဘူးဖြစ်နေပါတယ်။ စပါးစိုက်ပျိုးရာမှာ အသက်ဖြစ်တဲ့ ဓာတ်မြေသြဇာ တွေ မကျွေးနိုင်ခဲ့လို့ အခုလိုစပါးအထွက်နှုန်း ကျဆင်းသွားတာဖြစ်ပါတယ်။ ဒီလို အထွက်နှုန်းကျဆင်းတော့ ရိတ်သိမ်းခ၊ လုပ်သားခ၊အစာဖိုး၊ ဆေးဖိုး၊ စက်သုံးဆီဖိုး ကာလပေါက်ဈေးနဲ့ ယှဉ်တွက်တဲ့အခါအတော့်ကို အရှုံးပြနေပါတယ်။ စပါးဈေးကလည်း တင်းတစ်ရာကို ငွေကျပ် ငါးသိန်းငါးသောင်းဈေးသာရှိပါတယ်။ စပါးတွေ အရောင်မလှရင်လည်းဈေးကအဲ့လောက်မရဘူးဖြစ်ပြန်ပါတယ်။ ဒီနှစ်ကတော့တောင်သူ တွေ ကပ်ဆိုက်တဲ့နှစ် ဖြစ်နေပါတယ်။” ဟု လပွတ္တာမြို့နယ်က တောင်သူ ဦးလှထွေးက ပြောသည်။

လပွတ္တာမြို့နယ်တွင် မိုးစပါးကို စပါးတစ်ဧက၌ စိုက်ပျိုးသည့်အချိန်မှ ရိတ်သိမ်းသည့်အချိန်အထိ စက်သုံးဆီဖိုး၊ လုပ်သားခ၊ ရိတ်သိမ်းခြွေလှေ့ခ၊ ဓာတ်မြေသြဇာဖိုး၊ ဆေးဖြန်းသည့် စုစုပေါင်း ကုန်ကျစရိတ် (၇)သိန်းကုန်ကျမှု ရှိကြောင်း သိရသည်။

”မြို့နယ်အတွင်းမှာ မိုးစပါးအထွက်နှုန်း ကောင်းလာဖို့ အပြင် နွေစပါးအထွက်နှုန်း ကောင်းလာဖို့ဆက်လက်တောင်သူတွေနဲ့ ဌာနနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။နည်ပညာများလည်း ပံ့ပိုးပေးနေပါတယ်။ အထွက်နှုန်းသိပ်အကျ ဘက်မှာတော့ မရှိပါဘူး။”ဟု လပွတ္တာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှဦးစီးမှူး ဦးကြည်မိုးက ပြောပြသည်။

လပွတ္တာမြို့နယ်တွင် မိုးစပါးစိုက်ဧက ၃၃၇၈၀၉ ရှိကြောင်း၊ တောင်သူများသည် မိုးစပါးကိုသာအဓိကထားစိုက်ပျိုးကြောင်း လပွတ္တာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သူရ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။