Trending Now

လျှပ်စစ်မီတာခ ဘာကြောင့် တိုးမြှင့်ကောက်ခံရသလဲ၊ မီတာခချိုသာတဲ့ လျှပ်စစ်ပေးဝေမှုက ဘာလဲ

Spread the love

လျှပ်စစ်မီတာခ ဘာကြောင့် တိုးမြှင့်ကောက်ခံရသလဲ၊ မီတာခချိုသာတဲ့ လျှပ်စစ်ပေးဝေမှုက ဘာလဲ
EPN
ဆောင်းပါး၊ ဇူလိုင် ၃၁
ဗိုလ်ကျရေးသည်။
မြန်မာနိုင်ငံပြည်သူလူထုအနေဖြင့် အစိုးရ၏ လုပ်ဆောင်ချက်များအပေါ် ပြောဆိုတုံ့ပြန်မှုများသည် တစ်နေ့တခြား မရိုးနိုင်အောင်ပင် ဖြစ်နေသည်။ ယခု ရက်ပိုင်းအတွင်းအထိ ပြည်သူလူထု မကျေမနပ် ဖြစ်နေသည့် ကိစ္စတစ်ခုသည် တိတ်တဆိတ်ရောက်ရှိလာသော မီတာခတိုးမြှင့် ကောက်ခံခြင်း ဖြစ်သည်။
အစိုးရက မီတာခတိုးမြှင့် ကောက်ခံလိုက်ခြင်းသည် နှစ်စဉ် လျှပ်စစ်ဓာတ်အားကို အရှုံးခံထုတ်ပေးနေ သော ငွေကြေးကိုကာမိအောင်လို့ မီတာခများကို တိုးမြှင့်ကောက်ခံရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။ မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားကို အများအားဖြင့် ရေအားလျှပ်စစ်ဖြင့် ထုတ်ယူသုံးစွဲနေခြင်း ဖြစ်သော်လည်း နှစ်စဉ် ရေအားနည်းသည့် နွေရာသီကာလများတွင် မီးပျက်တောက်သည့် ပြဿနာများ ကို ကြုံတွေ့နေရဆဲ ဖြစ်သည်။
နိုင်ငံတော်နှင့် ပုဂ္ဂလိကပိုင် စက်ရုံများမှ ထုတ်ယူမှု ကုန်ကျစရိတ်သည် တစ်ယူနစ်ကို ၉၁ ဒသမ ၉၂ ကျပ် ကုန်ကျသော်လည်း မြေပြင်မှာ အမှန်တကယ်ကောက်ခံရရှိမှုသည် ၆၉ ဒသမ၂၆၁ ကျပ်သာရှိ ကြောင်း လျှပ်စစ်ဝန်ကြီးဌာန၏ စာရင်းအရ သိရသည်။ ထို့ကြောင့် လျှပ်စစ်ထုတ်လုပ်မှု ပမာ ဏမှ နေ့စဉ် ၁ ဒသ မ ၅ ဘီလီယံခန့် နိုင်ငံတော်မှ စိုက်ထုတ်သုံးစွဲနေရသည့်အတွက် ယခုကဲ့သို့ မီတာခ တိုးမြှင့်ကောက်ခံခဲ့ခြင်း ဖြစ်ကြောင်း ပြည်ထောင်စု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး တစ်ဦးက ယခုနှစ် မေလက ပြောဆိုခဲ့သည်။
မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာ မဂ္ဂါဝပ် ၂၀၀၀၀ ကျော်ရှိ သော်လည်း အမှန်တကယ်ထုတ်လုပ်နိုင်သည့် ပမာဏသည် မဂ္ဂါဝပ် ၃၀၀၀ ကျော်သာ ထုတ်ယူနိုင် သည့်အတွက် လျှပ်စစ်လိုအပ်ချက် များစွာရှိနေကြောင်း ၂၀၁၉ ခုနှစ် မေလ ၃ ရက်နေ့မှာ လျှပ်စစ် ဝန်ကြီးဌာန၊ ဒုဝန်ကြီးဟောင်း ဦးမော်သာထွေးက ဘီဘီစီနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြား ခဲ့သည်။
မြန်မာနိုင်ငံတွင် ကျေးရွာပေါင်း ခြောက်သောင်းကျော်ရှိသည့်အနက် ကျေးရွာပေါင်း သုံးသောင်း ကျော် သာ မီးရရှိကြောင်း၊ ရာခိုင်နှုန်းအားဖြင့် ၅၄ ရာခိုင်နှုန်းသာ မီးရရှိကြောင်း လက်ရှိ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ ဒုဝန်ကြီးဒေါက်တာထွန်းနိုင်က နိုင်ငံပိုင်မီဒီယာနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။
တစ်နိုင်ငံလုံးအတိုင်း အတာနေဖြင့် လျှပ်စစ်ပြီးရရှိသော အိမ်ထောင်စုမှာ ၄ ဒသမ၈ သန်းရှိသော ကြောင့် ၄၄ ရာခိုင်နှုန်းသာရရှိပြီး ကျန် ၅၆ ရာခိုင်နှုန်းမှာ လျှပ်စစ်မီး လိုအပ်ချက်ရှိနေသည်။ ယခုလို ဓာတ်အားများ များစွာလိုအပ်ချက်ရှိသော်လည်း သုံးစွဲမှု ပမာဏမှာ လျှော့မသွားဘဲ တိုးလာကြောင်း တွေ့ရှိရသည်။ တစ်နိုင်ငံလုံးအတိုင်းအတာအရ ဓာတ်အားလိုအပ်ချက် တစ်နှစ် ၁၉ ရာခိုင်နှုန်း တိုးလာ ပြီး မဂ္ဂါဝပ် အားဖြင့် ၃၀၀ မှ ၅၀၀ ကြားတိုးလာကြောင်း လေ့လာသိရှိရသည်။
နိုင်ငံတော်အစိုးရမှ လျှပ်စစ်ဓာတ်အားကို အရှုံးခံထုတ်လုပ်ပေးမှုကြောင့် ပြီးခဲ့သည့် ၂၀၁၆-၁၇ ဘဏ္ဍာ နှစ်တွင် ၄၂၂ ဘီလီယံကျော်၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ၆၀၀ ဘီလီယံကျော် ကုန်ကျခဲ့ကြောင်း ပြည် ထောင်စု လျှပ်စစ်ဝန်ကြီးဌာနမှ သိရသည်။ ယခုလို အရှုံးပေါ်နေရခြင်းသည် လျှပ်စစ်တစ်ယူနစ်ထုတ် လုပ်တိုင်း ၁၁၀-၁၁၅ ကျပ်အထိ ကုန်ကျပေမယ့် ပြည်သူများကို ၃၅-၅၀ ကျပ်သာ အရှုံးခံ ရောင်းချပေး နေသည့်အတွက်ကြောင့် ဖြစ်သည်ဟု ဆိုသည်။ ယခုလို လျှပ်စစ်မီးလိုအပ်ချက်များစွာရှိသည့်အပြင် နိုင်ငံတော်မှ အရှုံးခံထုတ်ပေးနေသည့်အတွက် ယခု လဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ မီတာခ ဈေးနှုန်းများ တိုးမြှင့်ကောက်ခံရခြင်းဖြစ်သည်။ ယခု ကောက်ခံ မှုသည် သုံးစွဲယူနစ်အလိုက် တစ်ယူနစ်ကို ၃၅ ကျပ်မှ အများဆုံး ၁၈၀ ကျပ်အထိ ကောက်ခံနိုင်သည်။ ယခင်က ကောက်ခံရရှိသည့် နှုန်းထားအရဆိုလျှင် တစ်ယူနစ်ကို တစ်ဆနှစ်ဆခန့်မြှင့်တက်သွားနိုင် ကြောင်း လေ့လာသိရှိရသည်။ ယခုလို မီတခတိုးမြှင့်ကောက်ခံခြင်းကြောင့် ပြည်သူလူထုများတွင် မီတာခအဆမတန်ပေးဆောင်ရမည့် အပြင် ယင်းမီတာခနှင့်အတူ မြှင့်တက်သွားမည့် ကုန်ဈေးနှုန်းမြှင့်တက်မှု၏ ဝန်ထုတ်ဝန်ပိုးကိုပါ ထမ်းနေ ကြရမည်ဖြစ်သည်။
တစ်နည်းအားဖြင့် ယခုလို ကောက်ခံခြင်းသည်လည်း အစိုးရတွင်သာ အပြစ်ပြောစရာ များများစားစား ရှိမည်လော။ အဓိက လျှပ်စစ်မီး လုံလောက်စွာမရရှိသေးသည့်အတွက် ဖြစ်သည်။ ဒါဆို လျှပ်စစ်မီတာခ လျှော့နည်းပြီး လျှပ်စစ်မီး လုံလောက်စွာ အသုံးပြုနိုင်ဖို့က ဘယ်လို အစီမံဖြင့် အ ကောင်အထည်ဖေါ်မလဲဆိုသည့် အချက်သည် အရေးကြီးသည်။
ကမ္ဘာ့နိုင်ငံအများစုံးမှာ အသုံးပြုနေ သည့် လျှပ်စစ်ကို ရေအားလျှပ်စစ်မှ ရယူအသုံးပြုနေသည်ကို တွေ့ရသည်။ ကမ္ဘာတွင် လျှပ်စစ်ထုတ်ယူမှု ကုန်ကျစရိတ်အနည်းဆုံးနှင့် အချိုသာဆုံးမှာ ရေအားမှ ရရှိသည့် ရေအားလျှပ်စစ်စက်ရုံများမှ ဖြစ်သည်။ လက်ရှိ မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ၇၀ ရာခိုင်နှုန်းကို ရေအားလျှပ်စစ်မှ အသုံးပြုနေသည်ဟု သိရသည်။ အခြား ရေနံ၊ ကျောက်မီးသွေးနှင့် သဘာဝဓာတ်အားပေးစက်ရုံများသည် ထုတ်လုပ်မှု ကုန်ကျစရိတ်များသည်။
လျှပ်စစ်လိုအပ်ချက်ကြောင့် ကျောက်မီးသွေးကို အသုံးပြုပြီး ထုတ်လုပ်မည်ဆိုလျှင် ထုတ်လုပ်မှု ကုန်ကျစရိတ်များသည့်အပြင် ပြည်သူလူထုအတွက် ကျန်းမာရေးဆိုးကျိုးများကိုလည်း ခံ စားလာနိုင်ဖွယ်ရှိသည်။ ထို့ကြောင့် ယခုလက်ရှိအစိုးရလက်ထက်မှာ ကရင်ပြည်နယ်အတွင်း ကျောက် မီးသွေးလျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ရန် အစိုးရ၏ ဆောင်ရွက်မှုကို ပြည်သူလူထုက ကန့်ကွက် ဆန္ဒပြကြသည်။ ဒါ့အပြင် စက်ရုံမှာ အခြားသော စက်ပိုင်းဆိုင်ရာနှင့် နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်တို့ကြောင့် ကုန် ကျစရိတ်များလာသည့်အတွက် လျှပ်စစ်ဖြန့်ဝေမှုမှာလည်း ဈေးနှုန်းမြှင့်မည်ဖြစ်သည်။ ထိုကြောင့် ပြည် သူများတွင် လျှပ်စစ်အသုံးပြုနေသည့် မီတာခဈေးနှုန်း ဝန်ဆောင်မှု တိုးမြှင့်လာမည်ဖြစ်သည်။
ထို့အပြင် သဘာဝနေရောင်ခြည်မှ လျှပ်စစ်ထုတ်ယူမည်ဆိုလျှင် လိုအပ်သော လျှပ်စစ်စွမ်းအင် ပမာဏ ကိုရရှိမည်မဟုတ်ပေ။ နေစွမ်းအင်ဖြင့် ထုတ်လုပ်မည်ဆိုပါက နေရာကွင်းပြင်ကြီးကြီးမားမားလိုအပ်မည့် အပြင် ညဘက် စွမ်းအင်အား ကျဆင်းမည်။ မြေနေရာ အလွန်ကျယ်ပြန့်စွာ အသုံးပြုမည့်အတွက် ပတ်ဝန်းကျင် ထိခိုက်မည်။
ထို့အပြင် အခြားသော လျှပ်စစ်အားပေး စက်ရုံထုတ်လုပ်မည်ဆိုလျှင် ထုတ်လုပ်မှု ကုန်ကျစရိတ်သည် အင်မတန်မြှင့်မားသည်။ ထို့ကြောင့် စက်ရုံမှ ထုတ်ယူသည့် စရိတ်များလွန်းသည့်အတွက် ဖြန့်ဝေရောင်း ချသည့် ဈေးနှုန်းမှာလည်း မြှင့်မားမည်ဖြစ်သည်။ ထို့ကြောင့် ယခုကဲ့သို့ မီတာခဈေးနှုန်းမြှင့်တက်လိုက် ရသည့် ဖြစ်စဉ်ပေါ်လာရခြင်းဖြစ်သည်။ ပြည်တွင်း၌ ဖြန့်ဝေသည့် လျှပ်စစ်ဓာတ်အားသည် ဈေးနှုန်းချိုချိုသာသာနှင့် ဖြန့်ဝေနိုင်ရန် နိုင်ငံတကာ တွင် ရေအားလျှပ်စစ်ကို အသုံးပြုနေကြသည်။ ယခုခေတ် တိုးတက်နေသော နိုင်ငံများကို လေ့လာ ကြည့်လျှင် ယင်းနိုင်ငံ၏ စွမ်းအင်ကို သဘာဝရေအားလျှပ်စစ်မှ ထုတ်ယူသုံးစွဲနေကြသည့်အတွက် နိုင်ငံ သူ၊ နိုင်ငံသားများအတွက် ဈေးနှုန်းသက်သာသည့်အပြင် ဓာတ်အား(frequency) ပြည့်မှီသည်။
ကမ္ဘာမှာ လျှပ်စစ်ကို ထုတ်လုပ်မှု ကုန်ကျစရိတ်အနည်းဆုံး၊ အသက်သာဆုံးနှင့် ဖြန့်ဖြူးမှု နှုန်း အသက်သာဆုံးသည် ရေအားလျှပ်စစ်စက်ရုံက ပေးစွမ်းနိုင်သည်။ ရေအားလျှပ်စစ်တည်ဆောက် အသုံးပြုနေပြီး လျှပ်စစ်လုံလောက်မှုသည် နိုင်ငံ့ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက အခန်းကဏ္ဍဖြစ်သည်။ လျှပ်စစ်မီး ပြတ်တောက်သွားလျှင် နိုင်ငံ၏ အဘက်ဘက်ဖွံ့ဖြိုးမှုလည်း ပြတ်တောက်သွားမည်ဖြစ်သည်။
ထို့ကြောင့် လျှပ်စစ်ကို ကာလကြာရှည် လည်ပတ်နိုင်ဖို့သည် ငွေကြေး တောင့်တင်းမှဖြစ်မည်။ ငွေကြေးတောင့်တင်းဖို့ရန်သည် လျှပ်စစ်ကို ဈေးနှုန်းချိုသာစွာ ဖြန့်ဝေအသုံးပြု နိုင်ဖို့လိုသည်။ အခု အစိုးရ၏ မီတာခ တိုးမြှင့်ကောက်ခံမှုကြောင့် ပြည်သူများမှာ များစွာ စိုးရိမ်ပူပန်နေရသည်။ ဤ သည်မှာလည်း ထုတ်လုပ်မှု ကုန်ကျစရိတ်များပြားခြင်းကြောင့် ငွေကြေးဘဏ္ဍာ အရှုံးပေါ်နေသည့် ဝန်ကို ဖြေလျှော့ရန်ဖြစ်သည်ဟု တာဝန်ရှိသူများက ပြောသည်။ ဒါဆို လက်ရှိ ယင်းပြဿနာကို ဖြေရှင်းရန် ထုတ်လုပ်မှု ကုန်ကျစရိတ်သက်သာသည့် လျှပ်စစ်ထုတ်စက်ရုံကို များများတည်ဆောက်ရန် လိုအပ်ပေသည်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။