Trending Now

ဝိုင်းမော်မြို့နယ်မှ ယာယီတိမ်းရှောင်လာသော အိမ်ထောင်စုများအား ဒုတိယအကြိမ် စားနပ်ရိက္ခာများ ထောက်ပံ့

Spread the love

ဝိုင်းမော်မြို့နယ်မှ ယာယီတိမ်းရှောင်လာသော အိမ်ထောင်စုများအား ဒုတိယအကြိမ် စားနပ်ရိက္ခာများ ထောက်ပံ့

EPN
မြစ်ကြီးနား၊ မတ် ၃၀ (၂၀၂၄)

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း လတ်တလော နယ်မြေအခြေအနေအရ ယာယီတိမ်းရှောင်လာကြသော အိမ်ထောင်စုများအား ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီ ဦးခက်ထိန်နန်သည် မတ် ၂၉ ရက်နေ့၊ မွန်းလွဲ ၂ နာရီက မိုင်းနားကျေးရွာအတွင်းရှိ မိုင်းနား KBC IDPs စခန်းသို့ ဒုတိယအကြိမ် သွားရောက်တွေ့ဆုံ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ တွေ့ဆုံထောက်ပံ့ရာတွင် ပြည်နယ်ဝန်ကြီးချုပ်က လတ်တလောနယ်မြေ အခြေအနေအရ နေရပ်ကျေးရွာများကို စွန့်ခွာပြီး တိမ်းရှောင်လာကြသည့် မိသားစုများအား စိတ်ဓာတ်ခွန်အား ရရှိစေရေး၊ နေထိုင်စားသောက်မှု အဆင်ပြေစေရေး၊ ဒုတိယအကြိမ် လာရောက်ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း၊ မိသားစုများ၏ လိုအပ်ချက်များကို ကူညီဖြေရှင်းပေးသွားမည့်အပြင် အခက်အခဲများကိုလည်း မိမိတို့အစိုးရအဖွဲ့နှင့် အတူတကွ ပူးပေါင်းဖြေရှင်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ယာယီတိမ်းရှောင်လာသူများမှာ ဝိုင်းမော်မြို့နှင့် မိုင်းနားကျေးရွာ၊ နောင်တာလော၊ နောင်ချိန်း၊ ခေတ်ချိုကျေးရွာများရှိ ဘာသာရေးကျောင်းများ၊ နီးစပ်ရာဆွေမျိုးနေအိမ်များသို့ ပြောင်းရွှေ့လာသူများဖြစ်ကြောင်း သိရသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီး များ၊ တာဝန်ရှိသူများက ဝိုင်းမော်မြို့နယ်အတွင်းရှိ အောင်မြင်(၁/၂)၊ ရွှေညောင်ပင်၊ ကဇူး၊ ဒဘတ်ယန်၊ စန်းကား၊ နောင်ဟီး၊ အင်းလေး၊ ရွာသစ်ကျေးရွာများမှ လာရောက်တိမ်းရှောင် ခိုလှုံလျက်ရှိသော အိမ်ထောင်စု စုစုပေါင်း (၂၆၈)စု၊ လူဦးရေ (၁၁၄၁)ဦး တို့အတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့က စုစုပေါင်း ငွေကျပ် (၉၂၉၄၀၀၀)တန်ဖိုးရှိ ဆန်အိတ် (၆၇)အိတ်ခွဲ၊ ခေါက်ဆွဲခြောက်ဖာ (၂၆၈)ဖာတို့နှင့် ကြက်ဥ (၄၅)လုံးကိုလည်းကောင်း၊ ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ဆန်ရိက္ခာဖိုး ငွေကျပ် (၆၄၂၁၅၀၀၀) ကိုလည်းကောင်း၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနက (၃)နှစ်အောက် ကလေး (၄၀၉)ဦး တို့အတွက် ငွေကျပ် (၁၂၂၇၀၀၀၀)၊ အသက် (၇၀)နှစ်နှင့်အထက် ဘိုးဘွား (၂၉၅)ဦးတို့အတွက် (၈၈၅၀၀၀၀)၊ ကိုယ်ဝန်ဆောင်မိခင် (၆၄)ဦးတို့အတွက် ငွေကျပ် (၁၉၂၀၀၀၀)၊ မသန်စွမ်း (၁၁၈)ဦး တို့အတွက် ငွေကျပ်(၃၅၄၀၀၀၀)ကို လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်း (MWCDF)က ငွေကျပ် (၁၈၉၃၁၀၀) တန်ဖိုးရှိ ဆန်အိတ် (၁၀)အိတ်၊ ခေါက်ဆွဲခြောက်ဖာ (၁၅)ဖာ၊ ကလေးကစားစရာအရုပ်များနှင့် မသန်စွမ်း အမျိုးသမီးများအတွက် အဝတ်အထည်များကို လည်းကောင်း၊ Humanity Inclusion (HI)က ငွေကျပ် (၄၃၂၀၀၀)တန်ဖိုးရှိ မသန်စွမ်းအမျိုးသားများအတွက် အဝတ်အထည်များကိုလည်းကောင်း၊ ကချင်ပြည်နယ်အမျိုးသမီးများ လူမှုစီးပွားအကျိုးပြုစွမ်းဆောင်ရှင်များအသင်းက ငွေကျပ် (၂၂၄၀၀၀)တန်ဖိုးရှိ ကိုယ်ဝန်ဆောင်မိခင်များအတွက် လုံချည်များကိုလည်းကောင်း စုစုပေါင်း ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းအသီးသီးက ပစ္စည်းနှင့်ငွေသားတန်ဖိုး (၁၀၂၆၃၈၁၀၀) ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ယာယီတိမ်းရှောင်လာသော ပြည်သူများက လတ်တလောနေထိုင် စားသောက်ရာတွင် လိုအပ်ချက်များ၊ ကလေးငယ်များအတွက် လိုအပ်ချက်များနှင့် အခက်အခဲများကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က မိသားစုများ၏ လိုအပ်ချက်များကို အမြန်ဆုံးဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယူရီ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။