Trending Now

မြစ်ကြီးနားမြို့ လူထုအခြေပြု ဗဟိုဌာနတွင် လက်ဆောင်ပန်းခြင်း အလှဆင်နည်း သင်တန်းကို အခမဲ့ ပြန်လည်ဖွင့်လှစ်ပေးသွားမည်

Spread the love

မြစ်ကြီးနားမြို့ လူထုအခြေပြု ဗဟိုဌာနတွင် လက်ဆောင်ပန်းခြင်း အလှဆင်နည်း သင်တန်းကို အခမဲ့ ပြန်လည်ဖွင့်လှစ်ပေးသွားမည်

EPN
မြစ်ကြီးနား၊ မတ် ၁၁ (‌၂၀၂၄)

မြစ်ကြီးနားမြို့၊ မြို့မရပ်ကွက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် လက်ဆောင်ပန်းခြင်း အလှဆင်နည်း သင်တန်းကို မတ်လ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့တွင် ဒုတိယအကြိမ်အခမဲ့ ပြန်လည်ဖွင့်လှစ်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။

ယင်းကဲ့သို့ သင်တန်းပြန်လည် ဖွင့်လှစ်ပေးရခြင်းမှာ ဒေသခံပြည်သူများ တောင်းဆိုမှုကြောင့် ပြန်လည်ဖွင့်လှစ်ပေးရခြင်းဖြစ်ကာ ဒေသခံပြည်သူများ၏ အကျိုးနှင့် အလုပ်ကိုင်အခွင့်လမ်း ရရှိစေရန် ရည်ရွယ်ပြီး လူမှုဝန်ထမ်းဦးဌာနတာဝန်ခံများ၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာနအဖွဲ့များ၊ ကချင်ပြည်နယ် စာကြည့်တိုက်ဖောင်ဒေးရှင်းများနှင့် စေတနာရှင် အတတ်ပညာရှင်များပူးပေါင်းပါဝင်ပြီး သင်တန်းကို အခမဲ့ပြန်လည်ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း လူထုအခြေပြုဗဟိုဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

“ ပြီးခဲ့တဲ့ မတ်လ ၈ရက်၊ ၉ရက်မှာလည်းဒီသင်တန်းကို ဖွင့်ပေးခဲ့တာဟုတ်တယ်။ ဒါကဝောာ့ ဒုတိယအကြိမ်ပါ။ အခုလို ပန်းအလှဆင်သင်တန်း ပြန်ဖွင့်ပေးရတာကလည်း ဒေသခံပြည်သူတွေက တောင်းဆိုတာများလို့ပါ။ တက်ချင်ကြတဲ့သူတွေများတယ်ဆိုတော့ ဒေသခံ ပြည်သူတွေလည်း အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိစေဖို့ဆိုပြီး ဖွင့်လှစ်ပေးရတာပါ။ အခုချိန်က ပွဲတွေမှာ အသုံးလိုတာဆိုတော့ တက်ချင်တဲ့သူက များကြတယ်။ ဘုရား ကျောင်းတွေ၊ အခမ်းအနားပွဲတွေမှာ အသင်းအဖွဲ့တွေနဲ့ပဲဖြစ်ဖြစ် တစ်ဦးထဲပဲဖြစ်ဖြစ် အကျိုးရှိရှိ လုပ်နိုင်ကြဖို့ ရည်ရွယ်ပြီးတော့ သင်တန်းကြေးလည်း အခမဲ့ပဲ။ ဒါကြောင့် တက်ချင်တဲ့သူတိုင်း လာတက်လို့ရပါတယ် ” ဟု ၎င်းကဆိုသည်။

အဆိုပါ သင်တန်းတွင် မွေးနေ့၊ အမှတ်တရနေ့များအတွက် လက်ဆောင် ပန်းစည်းပြုလုပ်နည်း၊ သတို့သမီးလက်ကိုင်ပန်း၊ ရင်ကပ်ပန်းများ ပြုလုပ်နည်း၊ပွဲများ၊ အခမ်းအနားများတွင် ပန်းအလှပြင်နည်း၊ ပန်းများ၏ အခြေခံသဘောတရားများ၊ ထိန်းသိမ်းနည်း၊ ပန်းထိုးသည့် အခြေခံ အကြောင်းအရာများအပြင် အဆင့်မြင့် ပန်းအလှဆင်နည်းများကို စာတွေ့လက်တွေ့ဖြင့် သင်ကြားပေးသွားမည်ဖြစ်ပြီး၊ အသက်အရွယ်အားဖြင့် ကန့်သတ်မှုမရှိသော်လည်း လူဦးရေအားဖြင့် (၃၀)ဦးအထိ ကန့်သတ်ထားသည့်အတွက် အချိန်မီ (၀၉- ၂၆၆၅၉၄၉၅၆) လူထုအခြေပြုဗဟိုဌာနသို့ လာရောက်ဆက်သွယ် သင်ကြားနိုင်ကြောင်း သိရသည်။

မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) အနေဖြင့် ယခုနှစ် (၂၀၂၄) ခုနှစ်တွင် အခမဲ့သင်တန်း (၇)ကြိမ်မြောက် ဖွင့်လှစ်ခဲ့ပြီး၊ အဆိုပါ ပန်းအလှဆင်နည်းသင်တန်း ပြီးဆုံးပါက အင်္ဂလိပ်စာ (Grammar)သင်တန်းနှင့် ကွန်ပြူတာသင်တန်းကိုလည်း အခမဲ့ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သံလွင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။