Trending Now

အဆိပ်သင့် မြန်မာပြည်

Spread the love

အဆိပ်သင့် မြန်မာပြည်

EPN Article
ဒီဇင်ဘာ ၂၃

 မြန်မာ့လယ်ယာလုပ်ငန်းခွင်များတွင် ပိုးသတ်ဆေး သုံးစွဲမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်း ကြပ်မတ် မှုနည်းပါးသဖြင့် တောင်သူလယ်သမားများနှင့် ကလေးငယ်များ ကျန်းမာရေးအန္တရာယ် ကြီးကြီးမားမား ရှိနေသည်ကိုတွေ့ရကြောင်း Food to Right စားနပ်ရိက္ခာ ရပိုင်ခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စား လှယ် Hilal Elver က ပြောခဲ့ဖူးသည်။ ထိုစကားကို ပြီးခဲ့သည့်နှစ်က  ကုလသမဂ္ဂအစည်းအဝေးတစ်ခု တွင် ပြောခဲ့ခြင်းဖြစ်သော်လည်း ယနေ့အချိန်ထိ ခေတ်မီနေသေးသည်ဟု ဆိုရမည်ဖြစ်သည်။ အဘယ့် ကြောင့်ဆိုသော် ပိုးသတ်ဆေးဆိုင်ရာ စည်းမျဉ်း စည်းကမ်း တင်းကြပ်မှုကို မည်သည့်ကဏ္ဍတွင်မှ ထိထိရောက်ရောက် မဆောင်ရွက်နိုင်သေးသောကြောင့် ဖြစ်သည်။ 

 “ပိုးသတ်ဆေးအန္တရာယ်က သိပ်ကိုကြီးမားပါတယ်။ အဓိက ကျန်းမာရေးကို ထိခိုက်စေတာပါ။ ပိုးသတ်ဆေးကို ဖြန်းတဲ့အခါ သူ့သတ္တိက တော်ရုံနဲ့ ပျယ်မသွားပဲ ကျန်နေတတ်ပါတယ်။ ပိုးသတ်ဆေး ကို လိုတာထက် ပိုသုံးရင်လည်း အန္တရာယ်ရှိပါတယ်။ အဆိပ်ဓာတ်တွေ ကိုယ်ခန္ဓာထဲ စိမ့်ဝင်မယ့် အန္တရာယ်ရှိပြီး လက်ငင်း ဒုက္ခပေးတတ်သလို ပိုးသတ်ဆေးထဲမှာပါတဲ့ အဆိပ်တွေဟာ ကာလတာရှည် ကိုယ်ထဲကျန်ရစ်ပြီး တဖြေးဖြေးချင်းလည်း အန္တရာယ်ပေးတတ်ပါတယ်။ သူတို့ အန္တရာယ်ကို ချက်ချင်း မသိနိုင်သလို လွယ်လွယ်ကူကူလည်း မသိကြဘူး။ တဖြေးဖြေးချင်း စုလာတဲ့အချိန်မှာတော့ ကျန်းမာ ရေးအတွက် သိပ်ကို အန္တရာယ်ကြီးတဲ့ အခြေအနေရောက်နေပြီ” ဟု ကျွမ်းကျင်သူတို့က ပြောသည်။
ပိုးသတ်ဆေးထဲတွင် ပါဝင်သော ဓာတုပစ္စည်းများသည် ကင်ဆာရောဂါ ဖြစ်လာနိုင်သကဲ့သို့ ကလေးငယ်များအတွက် စိတ်ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်သည်။ အထူးသဖြင့် ကိုယ်ဝန်ဆောင် မိခင်များတွင် ဓာတုအဆိပ်သင့်လျှင် မမွေးခင်ကတည်းက ကလေးတွင် ရောဂါမျိုးစုံ ဖြစ်ပွားနိုင်သဖြင့် နိုင်ငံတော် အနာဂတ်ကိုပါ ခြိမ်းခြောက်နေသည်ဟု ဆိုနိုင်သည်။ လက်တလောမှာပင် နိုင်ငံ့အနာဂတ် ဖြစ်သည့် လူငယ်များသည် ငယ်ငယ်ရွယ်ရွယ်နှင့် ရောဂါမျိုးစုံကို ခံစားနေရသည်။ အသက်ဆုံးရှုံးနေရ သည်။ နိုင်ငံတော်ကို ဦးဆောင်ဖို့ မပြောနှင့်၊ ကိုယ့်ကိုယ်ကိုယ်ပင် မနည်း ထိန်းသိမ်းစောင့်ရှောက် နေရသည့် အခြေအနေဖြစ်သည်။ သို့သော်လည်း ပိုးသတ်ဆေး သုံးစွဲမှုနှင့်ပတ်သက်ပြီး စည်းမျဉ်း စည်းကမ်းများ ချမှတ်ပြီး တင်းတင်းကြပ်ကြပ် အရေးယူဆောင်ရွက်ခြင်း မရှိသေးပေး။                       
                                                                                                                                                                        စိုက်ပျိုးရေးပညာရှင်တစ်ဦး၏ ပြောကြားချက်အရ ကမ္ဘာ့နိုင်ငံကြီးများတွင်လည်း ပိုးသတ်ဆေး ပြဿနာရှိနေကြောင်း၊ထိုသို့ဖြစ်နေရခြင်းမှာ ပိုးသတ်ဆေးကုမ္ပဏီများက ထိပ်တန်းအာဏာရှိသူများကို အိတ်ကပ်ထဲ ထည့်ထားသောကြောင့် ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံမှာပင် ထိုကဲ့သို့ ကြုံတွေ့နေရ ကြောင်း သိရသည်။ သည်အတိုင်းဆိုလျှင် ပိုးသတ်ဆေး သုံးစွဲမှုကြောင့် ကမ္ဘာသူ ကမ္ဘာသားများ အဆိပ်သင့်ကြ၊ ကျန်းမာရေး ချို့တဲ့ကြ၊ သေကြေ ပျက်စီးကြရဦးမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင်ကော မည်သို့ အခြေအနေရှိသနည်း။ 
 ပွင့်ပွင့်လင်းလင်းပြောရလျှင် မြန်မာနိုင်ငံတွင် ပိုးသတ်ဆေးကို မည်သည့်အချိန်က စတင်သုံးစွဲ ခဲ့တာလဲ၊ မည်မျှ သုံးစွဲနေကြလဲ ဆိုသည်ကို ကျွန်တော် မသိပေ။ ကျွန်တော့် အတွေ့အကြုံအရ လွန်ခဲ့ သော နှစ် ၂၀ ကျော်ခန့်ကာတွင် မြန်မာနိုင်ငံ၌ ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာ သုံးစွဲမှု မရှိသလောက် နည်းပါးနေသေးသည်။ နိုင်ငံတော် ရိက္ခာဖူလုံစေရေးအတွက် စပါးကို တစ်နှစ်လျှင် နှစ်ကြိမ်စိုက်ပျိုးလာ သည့်နောက်တွင်တော့ ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာကို မြိုင်မြိုင်ဆိုင်ဆိုင် သုံးစွဲလာသည်ကို တွေ့ရ သည်။ ကျွန်တော်တို့ ငယ်ရွယ်စဉ်ကာလက တီဗွီကြော်ငြာများတွင် ပိုးသတ်ဆေး ကြော်ငြာများကို မတွေ့ရသော်လည်း ယခုအခါ ပုံစံမျိုးစုံနှင့် တွေ့လာရသည်။ လွန်ခဲ့သည့် သုံးနှစ်ခန့်က မြေလတ်ဒေသ တစ်ခုသို့ စာပေဟော ပြောရန် သွားရောက်ခဲ့သည်။ ထိုဒေသသို့ သွားရာ လမ်းဘေးဝဲယာရှိ သစ်ပင် များတွင် ပိုးသတ်ဆေး ကြော်ငြာများကို နေရာမလပ် တွေ့ရသည်။ သစ်ပင်တိုင်းတွင် တွေ့ရသဖြင့် ကျွန်တော် အံသြမင်သက် သွားမိသည်။ ပဲစိုက်ခင်းများတွင်လည်း ဘာအကာအကွယ်မှ မပါဘဲ ပိုးသတ်ဆေး ဖြန်းနေသူများကို တွေ့ရသည်။ ထိုပိုးသတ်ဆေးအငွေ့များသည် ကျေးရွာထဲရှိ နေအိမ် များဆီသို့ လွင့်မြောနေသည်။ ထိုနေအိမ်များထဲတွင် သက်ကြီးရွယ်အို၊ ကလေးသူငယ်နှင့် ကိုယ်ဝန် ဆောင်များ…။ ကျွန်တော် ဆက်မတွေးချင်တော့။
 ကျွန်တော်တို့ရွာတွင် နွေစပါးစိုက်ခင်းကို ပိုးသတ်ဆေးဖြန်းနေစဉ် ထိုစိုက်ခင်း၏ လေသင့်ရာ ဘက်တွင် ထမင်းဝိုင်းဖွဲ့စားသောက်နေသူများ အဆိပ်သင့်ပြီး ဆေးရုံရောက်ခဲ့ဖူးသည်။ ထိုမျှမကသေး ပိုးသတ်ဆေးဖျန်းထားသည့် လယ်ကွက်ဘေး ရိုးချောင်းထဲမှ ကန်စွန်းရွက် ခူးစားမိသဖြင့် တစ်မိသားစု လုံး အော့အန်၊ ဝမ်းလျှော ဖြစ်ပြီး ဆေးရုံရောက်ခဲ့သည့် အဖြစ်အပျက်နှင့်လည်း ကြုံခဲ့ဖူးသည်။ ထို သူများ အားလုံးသည် အချိန်မီဆေးရုံရောက်သဖြင့် အသက် မသေဆုံးခဲ့ခြင်း ဖြစ်သည်။ နောက်ထပ် ကြားသိရသော သတင်းများအရ ပိုးသတ်ဆေးဖျန်းရင်း သေဆုံးခြင်း၊ ပိုးသတ်ဆေး သောက်ပြီး သေ ဆုံးခြင်း၊ ပိုးသတ်ဆေးကြောင့် ကင်ဆာရောဂါဖြစ်ခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ခြင်း၊ သေဆုံးခြင်း စသည့် အဖြစ်အပျက်များလည်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ကျွန်တော့် သူငယ်ချင်း တစ်ယောက်၏ ဦးလေးသည် အရက်မသောက်၊ ဆေးလိပ်မသောက်၊ ကွမ်းမစား၊ အသား ငါး မစား၊ သက်သတ်လွတ်စားပြီး ဘဝတစ်သက်တာလုံး ဘာသာတရားဖြင့် နေထိုင်သူ ဖြစ်သည်။ 
သို့သော် ထိုဦးလေးသည် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ကျွန်တော့်အမြင် ပြောရလျှင် ထိုဦးလေးသည် အသီးအရွက်များတွင် ပါဝင်သော ပိုးသတ်ဆေး ဓာတ်ကြွင်းများကြောင့် ကင်ဆာ ရောဂါ ဖြစ်ပွားကာ အသက်ပေးလိုက်ရခြင်း ဖြစ်နိုင်သည်။ တစ်ကမ္ဘာလုံး အတိုင်းအတာအရရော မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရပါ ကင်ဆာရောဂါ ဖြစ်ပွားမှု မြင့်တက်နေကြောင်း ဆေးပညာ မှတ်တမ်းများက ဆိုသည်။ မြန်မာနိုင်ငံအတွက် ကင်ဆာဖြစ်ပွားမှု မှတ်တမ်းကို မကြည့်ဘဲ ကင်ဆာ ရောဂါကုဌာနများကို သွားရောက်လေ့လာရုံဖြင့် ကင်ဆာဖြစ်ပွားသူ မည်မျှ တိုးလာသည်ကို မျက်မြင် ကိုယ်တွေ့ သိရမည်ဖြစ်သည်။ ရန်ကုန်ဆေးရုံကြီး ကင်ဆာဌာနတွင် လူနာနှင့် နေရာ မလုံလောက် သဖြင့် လူနာများ ကြုံသလို နေထိုင်နေရသည်။ လူကောင်းများပင် နေထိုင်ရန်ခက်ခဲသော အခြေအနေ မျိုးတွင် ကင်ဆာရောဂါသည်များ နေထိုင်နေရသည်။ စိတ်မကောင်းဖြစ်ရုံမှတစ်ပါး၊ ဆောင်းပါးများတွင် အသိပေး ရေးသားနေရုံမှတစ်ပါး ကျွန်တော် ဘာမျှမတတ်နိုင်ပါ။
ထိုအခြေအနေတွင် မြန်မာနိုင်ငံရှိ မှော်ဘီမြို့နယ် ဝါးနက်ချောင်းဒေသတွင် ပိုးသတ်ဆေးစက်ရုံ တစ်ရုံ ဖွင့်လှစ်လိုက်သည့်သတင်း ကြားသိရသည်။ လက်ရှိအစိုးရလက်ထက်တွင် ဖြစ်သည်။ ပြည် ထောင်စုဝန်ကြီးတစ်ဦးက ပိုးသတ်ဆေးစက်ရုံကို ပန္နက်ရိုက်၊ ဖွင့်လှစ်ပေးခဲ့သည်။ ထိုပိုးသတ်ဆေး စက်ရုံကို ဒေသခံပြည်သူများက ကန့်ကွက်ခဲ့ကြသည်။ ဒေသခံပြည်သူများ၏ ပြောကြားချက်အရ ပိုးသတ်ဆေးစက်ရုံကြောင့် ရေထုညစ်ညမ်းခြင်း၊ အနံ့ဆိုးများကြောင့် လေထုညစ်ညမ်းခြင်း၊ စက်ရုံ တည်ဆောက်မှုကြောင့် ရပ်ရွာလူထုအသုံးပြုသော လမ်းများ အပိတ်ခံရခြင်း၊ အလုပ်သမားပြဿနာ၊ ပွင့်လင်းမြင်သာမှုမရှိခြင်း၊ လူမှုဘ၀ ထိခိုက်မှု၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတို့ ဖြစ်ပေါ်ကြောင်း သိရသည်။ ထိုကိစ္စများနှင့်ပတ်သက်ပြီး ကြားခံညှိနှိုင်းရေးအဖွဲ့နှင့် နှစ်နှစ်ကြာ ညှိနှိုင်းခဲ့သော်လည်း ပြေ လည်မှု မရရှိခဲ့ပေ။ ထိုနှစ်နှစ်အတွင်းတွင် ပိုးသတ်ဆေးစက်ရုံသည် မရပ်နားထားသည့်အပြင် ပိုမိုအား ကောင်းစွာ လည်ပတ်နိုင်ခဲ့သည်ကို တွေ့ရသည်။ ထို့ကြောင့် ဒေသခံများက ညှိနှိုင်းမှုကို ရပ်ဆိုင်းပြီး နိုင်ငံတော်သမ္မထံ စာတင်ခြင်း၊ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခြင်း၊ ကမ်ပိန်း ပြုလုပ်ခြင်းများကို ဆောင် ရွက်ခဲ့သည်။
သို့သော် ဒေသခံပြည်သူများဘက်မှ လိုက်ပါဆောင်ရွက်သည့် အဖွဲ့အစည်း နည်းပါးခဲ့သလို အစိုးရပိုင်းကလည်း အသံတိတ်နေခဲ့သည်။ မီဒီယာများတွင်လည်း ထိုကိစ္စနှင့်ပတ်သက်ပြီး အသံကျယ် ကျယ်လောင်လောင် မကြားရပေ။ (တစ်ယောက်ယောက်ကများ သည်လူတွေကို အိတ်ကပ်ထဲ ထည့် လိုက်တာများလား) ကျွန်တော့်အမြင်တော့ ထိုပိုးသတ်ဆေး စက်ရုံကိစ္စသည် ဝါးနက်ချောင်း ဒေသ တစ်ခုတည်းနှင့် သက်ဆိုင်သောကိစ္စမဟုတ်။ ရေရှည်တွင် တစ်နိုင်ငံလုံးရှိ ပြည်သူများထံ ပျံ့နှံ့ရောက်ရှိ လာမည့် အန္တရာယ်တစ်ခုပင် ဖြစ်သည်။ ထိုအခြေအနေကို ကျွန်တော်တို့ မြန်မာပြည်သူများ သိထားဖို့ လိုပါသည်။ ပိုးသတ်ဆေးကြောင့် တစ်ကမ္ဘာလုံး အဆိပ်သင့်နေသည်။ မြန်မာနိုင်ငံလည်း အဆိပ်သင့် နေသည်။ လူအပါအဝင် သတ္တဝါများ အဆိပ်သင့်ပြီး ရောဂါရခြင်း၊ သေဆုံးခြင်းများ ဖြစ်နေကြသည်။ ထို့ကြောင့် မြန်မာနိုင်ငံအစိုးရအပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့အစည်းများ၊ မီဒီယာများအနေဖြင့် မြန်မာတစ်နိုင်ငံလုံး အဆိပ်သင့်နေရသည့်အရေးကို သွေးအေး မနေကြစေချင်ကြောင်း ရေးသားလိုက်ရပါသည်။
 ရွှေလက်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။