Trending Now

တရုတ်ပြည်ဘက်မှ ကျောက်ကြမ်းပိုး အင်းဆက်ကိုဈေးကောင်းပြန်လည်ပေးဝယ်ယူမှုကြောင့် ရှာဖွေသူများပြားလာ

Spread the love

တရုတ်ပြည်ဘက်မှ ကျောက်ကြမ်းပိုး အင်းဆက်ကိုဈေးကောင်းပြန်လည်ပေးဝယ်ယူမှုကြောင့် ရှာဖွေသူများပြားလာ

EPN
မြစ်ကြီးနား ၊ နိုဝင်ဘာ ၁

တရုတ်ပြည်ဘက်မှ ကျောက်ကြမ်းပိုးအင်းဆက်ကို ယခုနှစ်တွင် ဈေးကောင်းပေး ပြန်လည်ပေးဝယ်ယူမှုများကြောင့် ကချင်ပြည်နယ်၊တနိုင်းခရိုင် ရှင်ဗွေယန်မြို့ နယ်စပ်ဖြစ်သည့် တရုံ၊တဝမ်ချောင်းဘက်နှင့် စစ်ကိုင်းတိုင်းနယ်စပ် နာဂ‌တောင်တန်းတို့တွင် ကျောက်ကြမ်းပိုး အင်းဆက် ရှာဖွေသူများပြားလာကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့်နှစ်တွင် ကျောက်ကြမ်းပိုးတစ်ပိသာလျှင် ကျပ်ငွေ တစ်သိန်းခွဲ ပေးဝယ်ခဲ့သော်လည်း ယခုအချိန်တွင် တစ်ပိသာ တစ်သိန်း ၆သောင်း ကျပ်အထိ ပေးဝယ်နေသည့်အတွက် ကျောက်ကြမ်းပိုးရှာဖွေသူများမှာ ပြီးခဲ့သည့်နှစ်ထက် တလ ပိုစောပြီးရှာဖွေကြကြောင်း ကျောက်ကြမ်းပိုး သွားရောက်ရှာဖွေသူတစ်ဦးထံမှ သိရသည်။

“ဒီနှစ်လည်း ပြန်ဝယ်တယ်ကြားလို့ ဒီကလူတွေတော်တော်များများ သွားရှာနေကြပြီ သွားတဲ့နေရာတွေကတော့ အရင်နှစ်တွေရှာတဲ့နေရာတွေမှာပဲပြန်သွားရတာ၊ရှင်ဖွေယန် ၁၅မိုင်ဘက်တို့၊ တကားချောင်းတို့၊ နန်းယွန်းမြို့နယ်ဘက် မှာရှိတဲ့ တရုံချောင်းအပေါ်ဘက်တို့ သွားကြတယ်၊ တစ်ယောက်ကို တစ်ပိသာလောက်ရဖို့ဆိုရင် ဆယ်ရက်လောက်တော့ရှာရတယ်၊ အခုကသိပ်တော့မထွက်သေးဘူးပြောရမှာပဲ၊ အရင်နှစ်တွေကတော့ 11,12လပိုင်းတွေမှပဲ ရှာကြတာလေ၊ အခုက ဈေးကောင်းဝယ်နေတယ်ကြားလို့ ကြိုပြီးရှာနေကြပြီ”ဟု ၎င်းကပြောသည်။

ရှင်ဗွေယန်ဒေသနှင့်တောင်ပေါ်ဒေသဘက်တို့တွင် ပုံမှန်အားဖြင့် ကျောက်ကြမ်းပိုးကို နိုဝင်ဘာလနှင့် ဒီဇင်ဘာလ နှစ်လအတွင်း ရှာဖွေရပြီး ၂၀၁၉ ခုနှစ်မှ စတင်ကာ တရုတ်လုပ်ငန်းရှင်များက ဈေးကောင်းပေးဝယ်သောကြောင့် အချိန်ပိုစောပြီးရှာဖွေနေကြခြင်းဖြစ်သည်။
ကျောက်ကြမ်းပိုးအင်းဆက်ကောင်များကို မြစ်ချောင်းများ၊ ချောင်းစပ်နှင့် ကျောက်တုံးများအောက်တွင် တွေ့ရှိရတတ်ပြီး ခြင်ထောင်၊ စကာခြင်း၊ ရိုက်တံရှည်များဖြင့် ဖမ်းလေ့ရှိကြောင်းသိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။