Trending Now

ရေစကြိုမြို့နယ်မှာ ပရဟိတ ဆရာတော် ၁ ပါး ပစ်သတ်ခံရ

Spread the love

ရေစကြိုမြို့နယ်မှာ ပရဟိတ ဆရာတော် ၁ ပါး ပစ်သတ်ခံရ

EPN

ရေစကြို ၊ နိုဝင်ဘာ ၁၁

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ် ၊ စည်သာကျေးရွာ ၊ မေတ္တာရှင် လူမှုကူညီရေး ပရဟိတကျောင်းတိုက်ဆရာတော်ဟာ နိုဝင်ဘာ ၁၀ ရက် မနက် ၉ နာရီဝန်းကျင်က ဆရာတော်သီတင်းသုံးရာ ကျောင်းအတွင်းမှာပဲအမည်မသိ လက်နက်ကိုင်ထားသူတွေရဲ့ ပစ်သတ်ခြင်းခံလိုက်ရတယ်လို့ စည်သာကျေးရွာနေ ဒေသခံတွေဆီက သိရပါတယ်။

” ပစ်သတ်ခံရတာက ပရဟိတ ဆရာတော် ဥူးအာစာရ ဖြစ်တယ် ၊ သက်တော်နဲ့ သိက္ခာတော်ကတော့ စီစစ်နေဆဲဖြစ်တယ် ၊ ရေစကြိုမြို့နယ်တောင်ပိုင်းမှာ ဆရာတော်က သြဇာကြီးတယ် ၊ ဆရာတော်ရဲ့ ဃောသဂံရွာတွေက လူမှုကူညီရေး ပရဟိတ လုပ်ငန်းတွေကလွဲပြီး ကျန်တဲ့ ကိစ္စရပ်တွေကို စိတ်မဝင်စားကြဘူး ၊ အဲ့ဒါကို အငြိုးထားပြီး ဆရာတော်ကို ပစ်သတ်တာ ဖြစ်နိုင်တယ် ” လို့ စည်သာရွာနေ ဒေသခံ တယောက်က ပြောပါတယ်။

လူမှုကူညီရေး ပရဟိတလုပ်ငန်းတွေနဲ့ ရေစကြိုမြို့နယ်တောင်ပိုင်းမှာ ထင်ပေါ်ကျော်ကြားတဲ့ ပရဟိတ ဆရာတော် ဥူးအာစာရဟာ နထင်ကျည်ဆံဖောက်ဝင် ဒဏ်ရာ ၂ ချက်နဲ့ ကျောင်းထဲ နေရာမှာတင် ပျံလွန်တော်မူသွားတာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီ ဆရာတော် ပစ်သတ်ခံရတဲ့ ဖြစ်စဥ်ကို ရေစကြိုမြို့နယ်ရဲတပ်ဖွဲ့က မှုခင်းမှတ်တမ်းကာ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ လပေါင်း ၂၀ ကျော်ကာလအတွင်းမှာ စစ်ကိုင်းတိုင်း ၊ မကွေးတိုင်း ၊ ချင်းပြည်နယ် ၊ ကချင်ပြည်နယ်နဲ့ မန္တလေးတိုင်းထဲက ရဟန်းသံဃာ အပါး ၇၀ ကျော်ဟာ အခုလို လုပ်ကြံသတ်ဖြတ်တာကို ခံရတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

သွန်းသွန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။