Trending Now

လဝါးဒေသထွက် လိမ္မော်သီးများ ဈေးကောင်းရရှိနေ

Spread the love

လဝါးဒေသထွက် လိမ္မော်သီးများ ဈေးကောင်းရရှိနေ

EPN
မြစ်ကြီးနား၊နိုဝင်ဘာ ၉

ဖားကန့်မြို့နယ် လဝါးကျေးရွာဒေသမှ ထွက်ရှိသော လိမ္မော်သီးများ ယခုရက်ပိုင်းတွင် ဈေးကောင်းရရှိနေကြောင်း လိမ္မော်သီး ရောင်းဝယ်သူများထံမှ သိရသည်။

လဝါးကျေးရွာမှာ မြစ်ကြီးနား-တနိုင်းသွားလမ်းတွင် တည်ရှိပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်း၊ နှစ်ရှည်ပင်များစိုက်ပျိုးခြင်းများလုပ်ကိုင်‌လေ့ရှိကြပြီး ဖားကန့်မြို့နယ်ရှိ ကျေးရွာများတွင် လိ‌မ္မော်သီးများစိုက်ပျိုးခြင်းလုပ်ငန်းကို လဝါးကျေးရွာနှင့်ဒွန်ဘုံးခကျေးရွာများတွင် အများစုက လုပ်ဆောင်ကြကြောင်း သိရသည်။

ယခုရက်ပိုင်းတွင် လဝါးနှင့်ဒွန်ဘုံးခရွာမှ လိ‌မ္မော်သီးများစတင်ထွက်ရှိသည့်ကာလဖြစ်သည့်အတွက် ဈေးကောင်းပေးဝယ်နေကြခြင်းဖြစ်ပြီး ယခင်နှစ်တွင် အလုံးကြီး တစ်လုံးလျှင် ၂၀၀ ကျပ် လုံးသေး တစ်လုံးကို ၁၀၀ ကျပ်ဖြင့်ပေးဝယ်ခဲ့ရသော်လည်း ယခုအချိန်တွင် အလုံးကြီးတစ်လုံးကို ၃၀၀ ကျပ် လုံးသေး ၂၀၀ ကျပ် စသဖြင့် အလုံးအရွယ်အစားအပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားမှုရှိကြောင်း လိမ္မော်သီးရောင်းဝယ်သူတစ်ဦးထံမှ သိရသည်။

“ဒီနှစ်ကပြောရမယ်ဆို မနှစ်ကထက်‌ဈေးပိုကောင်းတာပေါ့၊အရင်နှစ်က အလုံးကြီးတစ်လုံးကို ၂၀၀ကျပ်ထိအများဆုံးပဲ ၊အသေးဆို ၁၀၀ ကျပ်လည်းရှိတယ် ၅၀ တန်လည်းရတယ်၊အခုကျတော့ အနိမ့်ဆုံးဈေးဆိုတောင် ၂၀၀ အထိရှိတယ်၊အကြီးဆယ်လုံးကို ၄၀၀၀ ကျပ်၊အသေးဆယ်လုံးကို ၃၅၀၀ ကျပ်ထိရတယ်၊ ဘာလို့လဲဆိုတော့ အခုကလိမ္မော်သီးစထွက်တဲ့ချိန်လေ၊အစပိုင်းဆိုတော့ဈေးတက်နေတာပေါ့ နောက်လလောက်ဆိုပြန်ကျမှာပဲ အဲ့ချိန်ကတော့အသီးတွေက များပြီလေ၊အခုကအသီးပေါ်ကာစဆိုတော့‌ဈေးကောင်းနေတာပါ”ဟု ၎င်းကဆိုသည်။

အဆိုပါ လဝါးကျေးရွာနှင့်ဒွန်ဘုံးခကျေးရွာရှိ လိမ္မော်ခင်းစိုက်ပျိုးသူများမှာ လိမ္မော်ခင်းများကို တစ်အိမ်ထောင်လျှင် အနည်းဆုံးသုံးဧကမှ ငါးဧကအထိစိုက်ပျိုးလုပ်ကိုင်ကြပြီး အသီးကောင်းသည့် အပင်တစ်ပင်မှ အသီးပိသာ ၂၀ မှ ၃၀ အထိ ရရှိကြောင်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။