Trending Now

ဖေဖေါ်ဝါရီလ(၂၂) ရက်နေ့ကို သျှမ်းနီအမျိုးသားနေ့အဖြစ် သတ်မှတ်သင့်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ သျှမ်းနီသံဃာတော်များအသင်းမှ ဆန္ဒပြု

Spread the love

ဖေဖေါ်ဝါရီလ(၂၂) ရက်နေ့ကို သျှမ်းနီအမျိုးသားနေ့အဖြစ် သတ်မှတ်သင့်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ သျှမ်းနီသံဃာတော်များအသင်းမှ ဆန္ဒပြု

EPN
မြစ်ကြီးနား ၊ ဇူလိုင် ၃၀

သျှမ်းနီအမျိုးသားနေ့ကို တရားဝင်သတ်မှတ်မည်ဆိုပါက ဖေဖော်ဝါရီလ ၂၂ ရက်ကို သျှမ်းနီအမျိုးသားနေ့အဖြစ် သတ်မှတ်သင့်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ သျှမ်းနီသံဃာတော်များအသင်းမှ ဆန္ဒပြုထုတ်ပြန်ထားသည်။

အဆိုပါ ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ သျှမ်းနီအမျိုးသားများ၏ ဂုဏ်ယူအားကျဖွယ် အထင်ကရရ က်များစွာရှိသည့်အနက် ဝင်းသိုစော်ဘွားကြီး စဝ်အောင်မြတ်၏ ရန်သူနယ်ချဲ့ အင်္ဂလိပ်ကို ရွပ်ရွပ်ချွန်ချွန်တိုက်ခိုက်ပြီး သျှမ်းနီတို့၏မျိုးချစ်စိတ် ဇာတိသွေး၊ဇာတိမာန်တို့ကို ပြသနိုင်ခဲ့သော ကြိုင်းခွင်တိုက်ပွဲအောင်မြင်ခဲ့သော အထင်ကရများရှိသည့်အတွက် ဖေဖော်ဝါရီ ၂၂ ရက်နေ့ကို သတ်မှတ်သင့်ကြောင့် အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကချင်ပြည်နယ် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးရုံးမှ ကချင်ပြည်နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးများအလိုက် နိုင်ငံတော်အစိုးရမှ အသိအမှတ်ပြုထားသော အမျိုးသားနေ့ သို့မဟုတ် တရားဝင်အသိအမှတ်ပြုထားခြင်းမရှိသေးပဲ လုပ်ဆောင်နေသည့် အမျိုးသားနေ့တို့အား ရှမ်းတိုင်းရင်းသား မျိုးနွယ်စု (၅ )မျိုးတို့၏ တိုင်းရင်းသားလူမျိုးများအလိုက် ပြန်ကြားပေးနိူင်ရန် ဇူလိုင်လ ၁၃ ရက်နေ့က ပေးပို့ခဲ့သည်။

တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနမှ ပေးပို့သည့်အကြောင်းကြားစာ လက်ခံရရှိပြီးနောက် ညှိနိူင်းအစည်းအဝေးကို ဇူလိုင်လ ၂၆ ရက်နေ့တွင် မြစ်ကြီးနားမြို့ ရှမ်းမျိုးနွယ်စုများ ဓမ္မာရုံ၌ကျင်းပခဲ့ပြီး အားလုံးပါဝင်နိူင်ရေး ဆောင်ရွက်နိူင်ရန် ကော်မတီဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကို ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြထားခြင်းမှာ ဖွဲ့စည်းထားသည့် ကော်မတီအနေဖြင့် မိမိသဘောဆန္ဒဖြင့် တင်ပြထားခြင်းမဟုတ်ဘဲ မြန်မာပြည်မြောက်ပိုင်းသျှမ်းမျိုးနွယ်စုရေးရာ အဖွဲ့အပါအဝင် သျှမ်းနီသံဃာတော်များ အသင်းနှင့် ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုကော်မတီများထံ ရှမ်းနီအမျိုးသားနေ့ သတ်မှတ်ရေးနှင့် ပတ်သက်၍ သဘောထားတောင်းခံပြီးမှသာ ဖေဖော်ဝါရီ ၂၂ ရက်နေ့ကို ရှမ်းနီအမျိုးသားနေ့အဖြစ် သတ်မှတ်နိုင်ရေးအတွက် တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဖေဖော်ဝါရီ ၂၂ ရက်နေ့ကို ရှမ်းနီအမျိုးသားနေ့အဖြစ် သတ်မှတ်ရန် တင်ပြတောင်းဆိုမှုအပေါ် ရှမ်းနီစာပေနှင့်ယဉ်ကျေးမှုကော်မတီအချို့မှ သဘောမတူဘဲ မိုးညင်းစော်ဘွားကြီး စောဝ်စဝ်လုံ၏ အင်းဝနေပြည်တော်အား အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့သော မြန်မာသက္ကရာစ် (၈၈၈)ခုနှစ် တန်ခူးလဆန်း (၁၂)ရက် ခရစ်နှစ် (၁၃-၃-၁၅၂၇)ရက်နေ့ဖြစ်သည့် မတ်လ ၁၃ ရက်နေ့ကို ရှမ်းနီအမျိုးသားနေ့အဖြစ် သတ်မှတ်ရန် လိုလားနေကြသည်။

နှစ်စဉ် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းတို့တွင် ရှမ်းနီလူငယ်အဖွဲ့များ ဦးဆောင်ကျင်းပနေသည့် ရှမ်းနီအမျိုးသားနေ့ကို မိုးညှင်းစော်ဘွား စဝ်လုံ ဦးဆောင်၍ ရှမ်းနီလူမျိုးများညီညွှတ်မှုဖြင့် အင်းဝကိုဗဟိုပြု၍ မြန်မာတစ်ပြည်လုံးအား စည်းရုံးသိမ်းသွင်းနိူင်ခဲ့သော မတ်လ ၁၃ ရက်နေ့ကို ယူထားခြင်းဖြစ်သည်။

ကချင်ပြည်နယ်အတွင်းရှိ ရှမ်းနီလူမျိုးများအနေဖြင့် ရှမ်းနီအမျိုးသားနေ့ကို တရားဝင် သတ်မှတ်ထားနိုင်ခြင်း မရှိသေးသည့်အတွက် ကချင်ပြည်နယ်တွင် ရှမ်းနီအမျိုးသားနေ့အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ခြင်း မရှိသေးကြောင်း သိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။