Trending Now

မိုင်းဖုန်းဆရာတော်ကြီး ဇူလှိုင်လ ၃၁ ရက်နေ့တွင် အဓိဋ္ဌာန်ထွက်မည်

Spread the love

မိုင်းဖုန်းဆရာတော်ကြီး ဇူလှိုင်လ ၃၁ ရက်နေ့တွင် အဓိဋ္ဌာန်ထွက်မည်

EPN
မြစ်ကြီးနား၊ ဇူလှိုင် ၃၀

ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်ရှိ၊ မိုင်းကျက်ဂူထဲ၌ ၃ နှစ် ၃ လ ၃ ရက် တရားအားထုတ်နေသည့် မိုင်းဖုန်းဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဉာဏသံဝရသည် အဓိဋ္ဌာန် ပြုထားသည့်အတိုင်း ဇူလှိုင်လ ၃၁ ရက်နေ့တွင် အဓိဋ္ဌာန် ရက်စေ့မှာ ဖြစ်သဖြင့် ပြန်လည်ထွက်လာမည့် ဆရာတော်ကို ဖူးမျှော်ကြိုဆိုရန် ထောင်ချီသည့် ပရိတ်သတ်များ ဂူအရှေ့တွင် စုရုံးရောက်ရှိနေကြောင်း သိရသည်။

မိုင်းဖုန်းဆရာတော်ကြီးသည် ဂူထဲမှ ထွက်လာပြီးပါက နမ့်ဟူးရေထွက်တွင် ဆံတော်ချကာ နမ့်ဆင်မ်း တစ်ဖက်ကမ်းရှိ စံကျောင်းငယ်တွင် နေ့ဆွမ်းဘုန်းပေးသွားမှာဖြစ်ပြီး ညနေ ၉ နာရီအချိန်တွင် အများပြည်သူများ ပူဇော်နိုင်ရန်အတွက် မိုင်းကျက်အောက်ဂူသို့ ကြွရောက်မည်ဖြစ်ကြောင်း သိရသည်။ ယင်းနောက် အများပြည်သူ ဖူးမျှော်ကြည်ညိုနိုင်ရန်အတွက် မိုင်းကျက်အောက်ဂူတွင် ၅ ရက် သီတင်းသုံးအပူဇော်ခံပြီးမှ မိုင်းဖုန်းကို ကြွမည်ဖြစ်ကြောင်း သိရသည်။

ဆရာတော်အား ဂူထွက်ပင့်ဖို့ရန်အတွက် နံနက် ၇ နာရီအချိန် သံဃာတော် ၂၃ ပါး နှင့်အတူ ရွှေခေါင်းပေါင်းရ အမျိုးသားပုဂ္ဂိုလ် ၃၈ ယောက် အပေါ်ဂူသို့ ကြွရောက်ရမှာဖြစ်ပြီး ဆရာတော်၏ ဝေါ်ယာဉ်ပေါ်ကြွချီပြီးပါက သံဃာတော်များက ရှေ့မှ ကြွချီတော်မှုပြီးလျင် ဝေါ်ယာဉ်ဆွဲရန်အတွက် ရွှေခေါင်းပေါင်းရ အမျိုးသားများ လက်ယာဘက်၊ ရွှေခေါင်းပေါင်းရ အမျိုးသမီးများ လက်ဝဲဘက်မှ တစ်ယောက်ကို တစ်လံစီအကွာနေ၍ ဝေါယာဉ်ကို ဆွဲရမည်ဖြစ်ကြောင်း သိရသည်။

တပည့်ရဟန်းသံဃာတော်များနှင့် မိုင်းကျက်ဒေသခံ၊ ရပ်နီးရပ်ဝေးမှ အလှူရှင်များက ဆရာတော်ဂူအတွင်းမှ ပြန်ထွက်လာပါက အဆင်သင့်ဖြစ်စေဖို့အတွက် လွန်ခဲ့သည့် ၃ နှစ်ကစပြီး ဂူအနီးတစ်ဝှက်တွင် ချုံနွယ်ပိတ်ပေါင်းတွေ ခုတ်ထွင်ရှင်းလင်း၍ လမ်းများ၊ တံတားများနှင့် ဆရာတော် သီတင်းသုံးနေထိုင်နိုင်ရန်အတွက် စံကျောင်းတော် အပြင် တရားဟောကြားမည့် ဘုံ ၇ ဆင့်ကျောင်းတော်များကိုလည်း တည်ဆောက်လှူဒါန်းထားခဲ့ကြကြောင်း သိရသည်။

၂၀၁၉ ခုနှစ် ဧပြီ ၂၈ ရက်နေ့က ဂူအတွင်းကို အဓိဋ္ဌာန်ဝင်ရောက်ခဲ့သည့် ဆရာတော်ကြီးသည် မနက်ဖြန် နံနက်ပိုင်းမှာ အဓိဋ္ဌာန်က ထွက်လာမှာ ဖြစ်ပြီး ဆရာတော်ကြီးအား လာရောက် ဖူးမျှော်ကြသည့် ပရိတ်သတ် ၅၀၀၀ ကျော် ၆၀၀၀ နီးပါးသည်လည်း ဂူအနီးတွင် စုရုံးရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။