Trending Now

နိုင်ငံရေးပါတီ ၃၀ က UEC နှင့် တွေ့ဆုံဆွေးနွေးရန် တောင်းဆိုချက်ကို UEC က တစ်စုံတစ်ရာအကြောင်း ပြန်ကြားခြင်း မရှိသေး

Spread the love

နိုင်ငံရေးပါတီ ၃၀ က UEC နှင့် တွေ့ဆုံဆွေးနွေးရန် တောင်းဆိုချက်ကို UEC က တစ်စုံတစ်ရာအကြောင်း ပြန်ကြားခြင်း မရှိသေး

EPN
မြစ်ကြီးနား၊ ဇွန် ၁၉

နိုင်ငံရေးပါတီပေါင်း ၃၀ က ရွေးကောက်ပွဲ မကျင်းပမီ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC)နှင့် တွေ့ဆုံဆွေးနွေးရန် တောင်းဆိုထား သော်လည်း လက်ရှိအချိန်ထိ UEC ဘက်မှ တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း သိရသည်။

ဤသို့တောင်းဆိုရာတွင် အကြောင်းအရာ (၁၂)ချက်ကို အဓိကထား ဆွေးနွေးရန်အတွက် နိုင်ငံရေးပါတီ (၃၀) က လက်မှတ်ရေးထိုးကာ ဇွန်လ(၁၆)ရက်နေ့တွင် ပြည်ထောင်စုရွေးကော်ပွဲကော်မရှင်ရုံး (နေပြည်တော်) သို့ ပေးပို့ထားပြီး ယနေ့ဇွန်လ (၁၉)ရက်နေ့ အထိ UEC ဘက်မှ တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း တောင်းဆိုထားသည့် ပါတီများမှ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ (ဒူးလေး)မှ သိရသည်။

၂၀၂၀ရွေးကောက်ပွဲကို ရလဒ်ကောင်းများဖြင့် ပြုလုပ်ကျင်းပနိုင်ရန် တောင်းဆိုရခြင်းဖြစ်ပြီး UEC အနေဖြင့် နိုင်ငံရေးပါတီများ၏ တွေ့ဆုံဆွေးနွေးခွင့်ကို အမြန်ဆုံး လက်ခံဆွေးနွေးသင့်ကြောင်း ဒူလေးပါတီဥက္ကဋ္ဌ ဦးရွှေမင်းက ဆိုသည်။

“တကယ်တမ်းဆိုရင် UEC က ကျွန်တော်တို့ နိုင်ငံရေးပါတီတွေနဲ့ အကြီးအငယ် မခွဲခြားဘဲ အားလုံးနဲ့ မကြာခဏ တွေ့ဆုံသင့်တယ်။ အဓိကတော့ ၂၀၂၀ရွေးကောက်ပွဲကြီးကို လွတ်လပ်မှု အပြည့်နဲ့ မျှတမှု အပြည့် အောင်အောင်မြင်မြင် ကျင်းပြီးစီးသွားနိုင်ရေးနဲ့ နိုင်ငံတော်ကို ဒီထက်ကောင်းမွန်တဲ့ အခြေအနေ တစ်ခုပေါ်ကို ဆွဲတင်သွားနိုင်ရေး တွေအတွက် တောင်းဆိုတာပါ” ဟု ၎င်းက ပြောသည်။

နိုင်ငံရေးပါတီများအနေနှင့် အဓိကဆွေးနွေးလိုသည့် အကြောင်းအရာ (၁၂)ချက်မှာ ဆန္ဒမဲ ရေတွက်မှု ဆိုင်ရာလုပ် ထုံးလုပ်နည်း၊ ရွှေပြောင်းမဲဆန္ဒရှင်များ လုပ်ထုံးလုပ်နည်း၊ ကြိုတင်မဲဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း တင်သွင်းမှုနှင့် ကိုယ်စားလှယ်လောင်းများ၏ ကျင့်ဝတ် ဆိုင်ရာများ၊ မဲဆန္ဒနယ်မြေ၊ မဲစာရင်းကောက်ယူမှုနှင့် မဲစာရင်းတွင် မပါ၍ ထပ်မံတင်ပြမှု၊ မဲရုံ အရေအတွက် နှင့် မဲပေးပုံစနစ်၊ မဲဆန္ဒရှင် အရေအတွက်၊ ရာနှုန်းသတ်မှတ်ခြင်း၊ မြို့မိမြို့ဖ အမည် အသုံးချခြင်း ဆိုင်ရာများ နှင့် နိုင်ငံတော်ခေါင်းဆောင်၏ ပုံရိပ်နှင့် ဆက်စပ်သည့် အသုံးပြုမဲဆွယ်ခြင်းမှ ရှောင်ရှားရေး အပါအဝင် အခြားကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးရန် တင်ပြတောင်းဆိုထားကြောင်း သိရသည်။

အကယ်၍ UEC အနေဖြင့် နိုင်ငံရေးပါတီများနှင့် ထိထိရောက်ရောက် တွေ့ဆုံဆွေးနွေးမှုများ မရှိခဲ့ပဲ၂၀၂၀ရွေးကောက်ပွဲ ကျင်းပမည်ဆိုပါက မလိုလားအပ်သည့် ပြသာနာများ၊ အငြင်းပွားမှုများ၊ တစ်ဦးနှင့် တစ်ဦး သံသယဖြစ်စေနိုင်ကြောင်းနှင့် မယုံကြည်မှုများ တိုးပွားလာနိုင်ဖွယ် ရှိကြောင်း နိုင်ငံရေးပါတီများ က သုံးသပ်ပြောဆိုသည်။

လက်ရှိတွင် ပုံမှန်မဟုတ်သည့် COVID-19 ကမ္ဘာ့ကပ်ရောဂါ ကူးစက်ပြန့်ပွားနေသည့် ကာလဖြစ် သည့်နည်းတူ တစ်ဖက်တွင်လည်း အစိုးရက COVID-19 ထိန်းချုပ်ရေးအတွက် ကန့်သတ်တားမြစ်ချက် များ ထုတ်ပြန်ထားသောကြောင့် COVID-19 ကာလ ရေရှည်ဖြစ် နေမည် ဆိုပါက ရွေးကောက်ပွဲ ကာလအတွက် စိန်ခေါ်မှုများစွာ ရှိလာနိုင်ပြီး UECအနေဖြင့် ဤအခြေအနေတွင် နိုင်ငံရေးပါတီများနှင့် ပိုမိုတွေ့ဆုံဆွေးနွေးသင့်ကြောင်း ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) ဥက္ကဋ္ဌ ဒေါက်တာ M ကောန်လက ဆိုသည်။

“ကျွန်တော်တို့ရဲ့ နိုင်ငံရေးစည်းရုံးရေး ကတော့ COVID-19 ကာလမှာတော့ အကြီးအကျယ် ပိတ်ဆို့ခံထားရတယ်။ အဲ့ဒါတော့ အာဏာရ ပါတီနဲ့ အခွင့်အလမ်းကတော့ မိုးနဲ့မြေလိုကွာနေတယ်။
အဲ့ဒါကြောင့်မို့ဒီဟာ ကို UECအနေနဲ့ ကိုဗစ်ကာလမှာ နိုင်ငံရေးပါတီ တွေရဲ့ လွတ်လပ်စွာ လှုံ့ဆော်စည်းရုံးခွင့်ကို ဖြစ်နိုင်ခြေ နည်းလမ်းနဲ့ စီစဉ်ပေးရမယ်။ တွေ့ဆုံဆွေးနွေးမှုတွေ များများလိုတယ်”ဟု ဒေါက်တာMကောန်လက ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီပေါင်း ၃၇ ပါတီမှ ကိုယ်စားလှယ် လောင်း ၂၉၈၇ဦး၊ တစ်သီးပုဂ္ဂလ ၁၈ဦး အထိ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး၊ ၂၀၁၅ ရွေးကောက်ပွဲတွင် ပါတီပေါင်း ၉၁ ပါတီမှ ကိုယ်စားလှယ် လောင်း ၅၇၂၈ ဦး၊ တစ်သီးပုဂ္ဂလ ၃၁၀ ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။