Trending Now

ဝါရာဇွပ်တိုက်နယ် KIA လက်နက်ကိုင် အရာရှိအား အခွန်ငွေပေးဆောင်ကာ ရွှေများအလွန်အကျွံ တူးဖော်မှု ပြုလုပ်လာ

Spread the love

ဝါရာဇွပ်တိုက်နယ် KIA လက်နက်ကိုင် အရာရှိအား အခွန်ငွေပေးဆောင်ကာ ရွှေများအလွန်အကျွံ တူးဖော်မှု ပြုလုပ်လာ

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၈ (၂၀၂၄)

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ ဝါရာဇွပ် ကျေးရွာ အုပ်စုဘက်တွင် စီးပွားရေးလုပ်ငန်းရှင်များမှ ဝါရာဇွပ်တိုက်နယ်မှူး အဆင့်ရှိ KIA လက်နက်ကိုင် ခေါင်းဆောင်အား အခွန်ငွေ ပေးဆောင်ကာ ပြီးခဲ့သည့် နှစ်အတွင်းကစ၍ ရွှေတူးဖော်ခြင်း လုပ်ငန်းများကို အလွန်အကျွံ ပြုလုပ်လာကြောင်း ဝါရာဇွပ်ကျေးရွာနေပြည်သူများထံမှ သိရသည်။

ဝါရာဇွပ် ကျေးရွာအနီးရှိ မနားချောင်းဆုံနှင့် ငကျန်ချောင်းဆုံတို့တွင် ပြီးခဲ့သည့် နှစ်ပိုင်းကစ၍ ရွှေတူးဖော်ခြင်းလုပ်ငန်းများ ပိုမိုလုပ်ဆောင်လာခြင်းကြောင့် လက်ရှိအချိန်တွင် ဒေသခံများ၏ တောင်ယာစိုက်ခင်း မြေနေရာများအထိ တိုးချဲ့လုပ်ကိုင်နေကြောင်း ဝါရာဇွပ်ကျေးရွာနေ ဒေသခံပြည်သူတစ်ဦးက ဆိုသည်။

” KIA အဖွဲ့က ခေါင်းဆောင်ကို အခွန်ပေးပြီး ရွှေတူးဖော်တဲ့ လုပ်ငန်းတွေ မတရား လုပ်နေကြတယ်။ မနားချောင်းဆုံနဲ့ ငကျန်ချောင်းဘက်တွေမှာ ရစရာ မရှိတော့ဘူး။ ကျွန်မတို့ စိုက်ခင်းမြေတွေ ပါတော့မယ်။ ဘယ်သူမှလည်း မတားရဲဘူး။ ဘယ်သူမှလည်း ဘာတာဝန်ယူမှုမှ မရှိဘူး ” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

‌အဆိုပါ ရွှေတူးဖော်ခြင်း လုပ်ကိုင်နေသည့် နေရာများကို ရွှေတူးဖော်ခြင်း မလုပ်ကိုင်ရန် ဒေသခံပြည်သူများက ကန့်ကွက်တားမြစ်မှု ပြုလုပ်ခဲ့သော်လည်း လက်ရှိအချိန်တွင် ရွှေတူးဖော်လုပ်ငန်းရှင် ဦးရေမှာ ယခင်ထက် ပိုမိုဝင်ရောက် လုပ်ကိုင်လာကြောင်း သိရသည်။

ဝါရာဇွပ်ဒေသခံ ပြည်သူများက ကန့်ကွက်တားမြစ်နေသည့် မနားချောင်းနှင့် ငကျန်ချောင်း အနီးတဝိုက် ရွှေတူးဖော်ခြင်းများ မပြုလုပ်ပေးရန် တိုက်နယ်မှူး အဆင့်ရှိသူ အရာရှိတစ်ဦးကို တားမြစ်ပေးရန် ပြောဆိုတာမျိုး ရှိခဲ့သော်လည်း လက်ရှိအချိန်အထိ တာဝန်ယူ ဖြေရှင်းပေးတာမျိုး မရှိသေးကြောင်းသိရသည်။

ရွှေတူးဖော်ခြင်း လုပ်ငန်းများကို ကျေးရွာများအနီးတွင် လုပ်ကိုင်လာခြင်းကြောင့် ဒေသအတွင်းက ပြည်သူများ၏ စိုက်ပျိုးခင်းများ ပျက်စီးခြင်း၊ သောက်သုံးရေရှားပါးမှုနှင့် ကျွဲ၊ နွား စာကျက်မြေဧရိယာ ကျည်းမြောင်းလာ၍ တနိုင်းမြို့နယ်အနီးက ဒေသခံပြည်သူများ အခက်အခဲဖြင့် ရင်ဆိုင်နေရကြောင်း သိရသည်။

တနိုင်းခရိုင်အတွင်း၌ ရွှေတူးဖော်ခြင်းလုပ်ကိုင်နေသည့် စီးပွားရေးသမားများသည် လက်နက်ကိုင် အဖွဲ့အစည်းများထံ အခွန်‌ပေးဆောင်ခြင်း၊ ဘိုးဘွားပိုင် မြေပိုင်ရှင်များထံ နစ်နာကြေး ပေးဆောင်ခြင်းများ ပြုလုပ်ကြပြီး၊ ဝါရာဇွပ်၊ ဘန်ကောက်၊ တလုံး၊ မိုင်းခွန်၊ တနိုင်း၊ ခလုံး စသည့် ကျေးရွာအုပ်စုများတွင် စက်ယန္တရားကြီးများဖြင့် တူးဖော်လျက်ရှိကြောင်း သိရသည်။

ပိုင်ကြီး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။