Trending Now

ဖားကန့်မြို့နယ် ကျောက်ထု KIA စစ်ဆေးရေးဂိတ်တွင် ယနေ့မနက်ပိုင်း အဆင်းအတက်ကားများ ပြန်လည်သွားလာခွင့်ပေး

Spread the love

ဖားကန့်မြို့နယ် ကျောက်ထု KIA စစ်ဆေးရေးဂိတ်တွင် ယနေ့မနက်ပိုင်း အဆင်းအတက်ကားများ ပြန်လည်သွားလာခွင့်ပေး

EPN
မြစ်ကြီးနား၊ ဩဂုတ် ၂၅

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နန့်ယားဂိတ်နှင့် ကျောက်ထုဂိတ်ကြား ပိတ်မိနေသည့် အဆင်းအတက် ကားများကို ယနေ့ (ဩဂုတ်လ ၂၅ ရက်နေ့)၊ မနက် ၇ နာရီခန့်က ပြန်လည်သွားလာခွင့်ပေးခဲ့ပြီဖြစ်ကြောင်း မြစ်ကြီးနား – ဖားကန့် လမ်းပြေးဆွဲနေသည့် ကားသမားများထံမှ သိရသည်။

ဩဂုတ်လ ၂၂ ရက်နေ့မှ စတင်ကာ နန့်ယားကျေးရွာအနီး တပ်မတော်နှင့် KIA/PDF ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး၊ တိုက်ပွဲအခြေအနေများကြောင့် နန့်ယားဂိတ်နှင့် ကျောက်ထု ဂိတ်ကို ပိတ်ထားခဲ့ရာမှ ယနေ့ မနက်ပိုင်းတွင် KIA စစ်ဆေးရေးဂိတ်ဖြစ်သည့် ကျောက်ထုဂိတ်ကို ပြန်လည်ဖြတ်သန်းသွားလာခွင့်ပေးလိုက်ပြီဖြစ်ကြောင်း အဆိုပါ လမ်းပိုင်းပြေးဆွဲနေသူ ကားသမားတစ်ဦးက ပြောသည်။

” ကျနော်တို့ ဒီနေ့ မနက်ပိုင်းအထိ ၄ ရက်ကြာ ဂိတ်နှစ်ဂိတ်ကြားပိတ်မိနေခဲ့တာဖြစ်တယ်။ ကားအစီးရေ ၂၀၀ ကျော်လောက်ပိတ်မိနေတာ။ နှစ်ခုလုံးက အဆင်းအတက် ကားတွေကိုပိတ်ထားတော့ ကြားမှာပိတ်မိနေခဲ့တာ။ နန့်ယားကျေးရွာ ဆရာတော်နဲ့ ဒေသခံတွေက ထမင်း ကျွေးကြတယ်။ အခုတော့ အဆင်းအတက်ကားတွေကို ကျောက်ထုဂိတ်က ဖွင့်ပေးလိုက်ပြီ။ နန့်ယားမှာတော့ အတက်ကားတွေ ပိတ်ထားသေးတယ်ကြားတယ် ” ဟု ၎င်းကပြောသည်။

အလားတူ နန့်ယားဂိတ်တွင်းလည်း အဆင်းကားများကို ပြန်လည်သွားလာခွင့်ပေးထားပြီး၊ အတက်ကားများကိုတော့ ယာယီ ပိတ်ထားသေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။

” ဟိုဘက်ဂိတ်က ကားတွေတော့ သွားလာကုန်ကြပြီ။ နန့်ယားမှာကတော့ ဖားကန့်အဝင် (အတက်) ကားတွေတော့ မသွားခိုင်းသေးဘူး။ ဒါပေမယ့် စစ်ဆေးတာတွေတော့ စလုပ်နေပြီဗျ။ အဆင်းကားတွေတော့ လွှတ်ပေးတယ် ” ဟု ၎င်းကပြောသည်။

အဆိုပါ ပိတ်မိနေသည့် ကားသမားများ ခရီးသည်များအတွက် ဩဂုတ်လ ၂၂ ရက်နေ့ ညပိုင်းမှ စတင်ကာ ညစာ၊ မနက်စာနှင့် နေ့လည်စာများကို နန့်ယားကျေးရွာဆရာတော်နှင့် ဒေသခံများက ကျွေးမွေးပေးခဲ့ကြောင်း သိရသည်။

” ၂၂ ရက်နေ့ထဲကစပြီး ဆရာတော်နဲ့ ကျေးရွာက ရပ်မိရပ်ဖတွေ၊ အလှူရှင်တွေပေါင်းပြီး ဟင်းနဲ့ ထမင်းထုပ်တွေ ဝေခဲ့ရတယ်။ ဒီနေ့မနက်ပိုင်းအထိ ထမင်းထုတ် ၁၀၀ ကျော် ပို့ပေးခဲ့တယ်။ ကားက ပိတ်မိတာ ၂၀၀ ကျော်လောက်ရှိတယ်ကြားတယ် ” ဟု နန့်ယားကျေးရွာနေဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ဂိတ်ပိတ်ရက်များအတွင်း ဖားကန့်မြို့နယ် ဒေသခံများအနေဖြင့် အရေးကြီးကိစ္စများ၊ ကျန်းမာရေးကိစ္စများ ပေါ်ပေါက်လာပါက ဆိုင်းတောင် – ဝှေခါ – အင်းတော်လမ်းပိုင်းကို အဓိက ထားကာ အသုံးပြုခဲ့ရကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။