Trending Now

လုံးခင်း၊ ဆွတ်အောင်ကျေးရွာအတွင်း ရပ်ကွက်နေဒေသခံများ စုပေါင်းကာ ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်လမ်းဆောက်လုပ်သွားမည်

Spread the love

လုံးခင်း၊ ဆွတ်အောင်ကျေးရွာအတွင်း ရပ်ကွက်နေဒေသခံများ စုပေါင်းကာ ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်လမ်းဆောက်လုပ်သွားမည်

EPN
မြစ်ကြီးနား၊ ဧပြီ ၅ (၂၀၂၄)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု ဆွတ်အောင်ကျေးရွာတွင် ရပ်ကွက်နေဒေသခံများ စုပေါင်းကာ ကိုယ်ထူကိုယ်ထ ကွန်ကရစ်လမ်းကို ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ကိုယ်ထူကိုယ်ထ ကွန်ကရစ်လမ်းဆောက်လုပ်နိုင်ရေးအတွက် ကျေးရွာမိန်းလမ်းမကြီးပေါ်ရှိ အိမ်တစ်အိမ်လျှင် ငွေကျပ် (၅)သိန်းနှင့် ကျေးရွာအတွင်းရှိ ကား (၁)စီးလျှင် ငွေကျပ် (၅)သိန်းစီ ထည့်ဝင်လှူဒါန်းရမည် ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

” ကျေးရွာက တာဝန်ရှိသူတွေက စီစဉ်ပြီး ကျေးရွာလမ်းတွေကို ကွန်ကရစ်ခင်းနိုင်ဖို့ဆောင်ရွက်နေကြတယ်။ အဓိကကတော့ လူနေမှုအဆင်အတန်း မြင့်မားတိုးတက်စေဖို့နဲ့ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေဖို့ ရည်ရွယ်တယ်ဆိုတဲ့ နှိုးဆော်စာတွေလဲ လိုက်လံကပ်ထားတာတွေ့ရတယ်။ မိန်းလမ်းကအိမ်တွေနဲ့ ကားရှိတဲ့သူတွေက (၅)သိန်းစီ ထည့်ရမယ်လို့သိရတယ် ” ဟု ၎င်းကပြောသည်။

အဆိုပါ ကွန်ကရစ်လမ်းမှာ အရှည် ပေ (၃၁၀၀)၊ လမ်းအကျယ်ပေ (၂၀)နှင့် ခန့်မှန်းကုန်ကျငွေ ကျပ်သိန်းနှစ်ထောင့်ခုနှစ်ရာ အသုံးပြုသွားရန် လျာထားကြောင်း သိရသည်။

ကွန်ကရစ်လမ်း ပြုလုပ်ပြီးစီးပြီးပါက လမ်းသွားလမ်းလာများ အဆင်ပြေစေမည်ဖြစ်ပြီး ကုန်သွယ်စီးဆင်းမှုများမှာလည်း လွယ်ကူလာမည်ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

” လက်ရှိ နေရာတွေမှာက ကျောက်လမ်းတွေဖြစ်တော့ လမ်းသွားလမ်းလာလဲ အဆင်မပြေဘူး။ အခုလုပ်မယ့် ကိုယ်ထူကိုယ်ထ ကွန်ဂရစ်လမ်း ပြီးသွားရင်တော့ လမ်းသွားလမ်းလာလဲ အဆင်ပြေသွားမယ်။ သွားလာရအဆင်ပြေသွားရင် ကုန်သွယ်ရေးတွေကော အရာရာအဆင်ပြေလာမှာ ဖြစ်တယ် ” ဟု ၎င်းကပြောသည်။

ယင်း ကွန်ကရစ် လမ်းခင်းရာတွင် ပထမဦးစားပေး အနေဖြင့် မိန်းလမ်းမကြီးအား ပြုလုပ်ခြင်း၊ ဒုတိယဦးစားပေး အနေဖြင့် ရွာလယ်လမ်းမကြီး၊ တတိယဦးစားပေးအနေဖြင့် လမ်းသွယ်လမ်းကြားများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။