Trending Now

ဗန်းမော် – မန္တလေး သွား လမ်းပိုင်း ပြန်ပွင့်သော်လည်း ခရီးသွားပြည်သူများ စိုးရိမ်

Spread the love

ဗန်းမော် – မန္တလေး သွား လမ်းပိုင်း ပြန်ပွင့်သော်လည်း ခရီးသွားပြည်သူများ စိုးရိမ်

EPN
ဗန်းမော်၊ စက်တင်ဘာ ၈ (၃၀၂၃)

ဗန်းမော် – မန္တလေး သွား လမ်းပိုင်း ယနေ့ ပြန်ပွင့်ပြီ ဖြစ်သော်လည်း ခရီးသွားပြည်သူများ အနေဖြင့် ခရီးသွားလာရန်အတွက် စိုးရိမ်မှုရှိနေကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၆ ရက်နေ့ နံနက်ပိုင်းက ဗန်းမော်-မန္တလေး သွားကားလမ်း မြတောင် နှင့် ငအိုးကျေးရွာ လမ်းပိုင်းတွင် တိုက်ပွဲများဖြစ်ပွားခဲ့သောကြောင့် အသွားအလာ ကားများ ယာယီပိတ်မိခဲ့ပြီး စက်တင်ဘာ ၈ ရက် ယနေ့ နံနက်ပိုင်းမှ စတင်ကာ ဖြတ်သန်းသွားလာနိုင်ခဲ့ကြောင်း ကားသမားများနှင့် ခရီးသွား ပြည်သူများထံက သိရသည်။

“ဒီနေ့ မနက်မှာတော့ ကားတွေ အားလုံး အတက်အဆင်း လုပ်လို့ရပြီလို့ ကြားတယ်၊ ‌ဗန်းမော်က ခရီးသည် ကားတွေ ကုန်စည်ကားတွေ အကုန် ပြန်ထွက်နေကြ၊ သွားလာနေကြပြီ”ဟု ဗန်းမော်မှ ခရီးသည် ယာဉ်မောင်း တစ်ဦးက ပြောပြသည်။

မန္တလေး- တကောင်း- ဗန်းမော် မဟာဗျူဟာ လမ်းပိုင်းရှိ ထီးချိုင့်မြို့နယ် မြတောင် ကျေးရွာနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ် ငအိုးကျေးရွာတို့တွင် တပ်မတော် နှင့် KIA၊ PDF အဖွဲ့တို့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခြင်းများကြောင့် ခရီးသွား ကားများ အနေဖြင့် နောက်ကြောင်း ပြန်လှည့်ရခြင်း၊ ပိတ်မိကာ ရပ်တန့်စောင့်ဆိုင်းရခြင်း၊ လမ်းပိုင်းတွင် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တိုးကာ အစစ်အဆေးခံရခြင်းကြောင့် ခရီးပင့်ခြင်း စသည့် အခက်အခဲများကို မကြာခဏ ကြုံတွေ့ရကြောင်း ကားသမားများနှင့် ခရီးသွား ပြည်သူများထံက သိရသည်။

“ဒီလမ်းပိုင်းက မဖြစ်မနေ ဖြတ်သန်းသွားလာရတာဆိုတော့၊ တိုက်ပွဲတွေ ဆက်ဖြစ်မှာ ကျနော်တို့အနေနဲ့ အရမ်း စိုးရိမ်တယ်၊ တိုက်ပွဲတွေကြောင့် ခရီးစဉ် နောက်နှေးတယ်၊ စားရိတ်ထောင်းတယ်၊ ဒီကြားတယ် လက်နက်ကိုင် အဖွဲ့တွေနဲ့ တိုးရင် ငွေပေးရတယ်၊ ပါတဲ့ စားနပ်ရိက္ခာ သူတို့ တောင်းရင် ပေးရတယ်၊ တချို့နေရာမှာဆိုရင် လက်နက်ကိုင်တွေက စစ်ဆေးရေးဂိတ်ထိုင်ပြီး စစ်တယ်၊ ငွေတောင်းတယ်၊ လုံးဝကို အဆင်မပြေဘူး”ဟု ၎င်းတို့က ပြောပြသည်။

အလားတူ ဗန်းမော်- မြစ်ကြီးနား လမ်းပိုင်းတွင်လည်း အချို့ကျေးရွာများတွင် တပ်မတော် နှင့် KIA၊ PDF အဖွဲ့တို့ ရင်ဆိုင်တိုက်ပွဲများကြောင့် ၃ နာရီခန့်သာ သွားလာရသည့် ဗန်းမော် – မိုးမောက် – မြစ်ကြီးနား လမ်းပိုင်းမှ သွားလာမှု မပြုနိုင်ပဲ ထီးချိုင့် – ကသာ လမ်းဘက်မှ ပတ်သွားရသည်ဖြစ်ပြီး ခရီးစဉ် ကြန့်ကြာကာ အခက်အခဲ များစွာ ကြုံတွေ့နေပြီး ယင်း လမ်းပိုင်းတွင်လည်း ယခုကဲ့သို့ မကြာခဏ တိုက်ပွဲကြောင့် သွားရေးလာရေးအတွက် ဒုက္ခများမည်ကာ စိုးရိမ်နေရသည်ဟု ကားသမားများ နှင့် ခရီးသွား ပြည်သူများ၏ ပြောပြချက်အရ သိရသည်။

ထို့အပြင် ဗန်းမော်ခရိုင်၊ မံစီမြို့၏ အရှေ့တောင်ဘက် ၂ မိုင် ခန့်တွင်ရှိသည့် ကျော်ခေါင်ကျေးရွာတွင် KIA၊ PDF အဖွဲ့မှ ဒေသခံများကို ပေါ်တာဆွဲကာ ဆန်များကို ဆိုင်ကယ်ဖြင့် အတင်းအကြပ် သယ်ပို့ ခိုင်းခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်ရာ ယင်းဒေသတွင်လည်း တိုက်ပွဲများ ပြင်းထန်လာမည်ကို ဒေသခံများအနေဖြင့် စိုးရိမ်နေကြသည်ဟု ဒေသခံများထံက သိရသည်။

သတင်း – ပိုင်ကြီး
ဓါတ်ပုံ – KIA၊ PDF တပ်ဖွဲ့ဝင်များ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။