Trending Now

မြစ်ကြီးနားမြို့တွင် လျှပ်စစ်ရေနွေးအိုးအပူလွန်ကဲရာမှ နေအိမ် (၂)လုံးဆင့် မီးလောင်မှုဖြစ်ပွား

Spread the love

မြစ်ကြီးနားမြို့တွင် လျှပ်စစ်ရေနွေးအိုးအပူလွန်ကဲရာမှ နေအိမ် (၂)လုံးဆင့် မီးလောင်မှုဖြစ်ပွား

EPN
မြစ်ကြီးနား၊ နိုဝင်ဘာလ ၂၁

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ယမန့်နေ့ နိုဝင်ဘာလ (၂၀) နေလည် (၂)နာရီခန့်က လျှပ်စစ်ရေနွေးအိုး အပူလွန်ကဲရာမှ နေအိမ် (၂)လုံးဆင့် မီးလောင်ခဲ့သည့်ဖြစ်စဥ်တစ်ခု ဒူကထောင်ရပ်ကွက်တွင်
ဖြစ်ပွားခဲ့ကြောင်း မြစ်ကြီးနားမြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။

ယင်းမီးလောင်မှုမှာ ဒူကထောင်ရပ်ကွက် နယ်မြေ (၈)၊ ဆိမ်ဆားလမ်းကြားရှိ နေအိမ်တစ်လုံးတွင်ဖြစ်ပွားခဲ့ကာ အဆိုပါနေအိမ်တွင်နေထိုင်သူများမှာ တံခါးသော့ခတ်ကာအပြင်သို့ ထွက်သွားစဉ် နေအိမ်တွင်းမှ တပ်ဆင်ထားသည့် လျှပ်စစ်ရေနွေးအိုးအပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ မီးစတင်လောင်တာက ပျဉ်ကာတစ်ထိပ်အိမ်ကစလောင်တာပါ၊ နေလည်(၂)နာရီလောက်မှ စတင်လောင်နေတာ၊ ကျနော်တို့မီးသတ်က မီးလောင်ရာကိုချက်ချင်းသွားရောက်ခဲ့တယ်၊ စတင်ငြိမ်းသတ်တာက (၂)နာရီ (၁၂)မိနစ်မှာ စတင်ငြိမ်းသတ်ပြီး (၂၅)မိနစ်လောက်မှ မီးလုံးဝငြိမ်းသွားခဲ့တယ်၊ နေအိမ်က လူတွေက အပြင်သွားနေကြတာ၊ ခြံဝင်တံခါးကော သေ့ာခတ်သွားကြတယ်၊ နေအိမ်အတွင်မှာ ပလပ်ပေါက်မဖြုတ်ပဲ ထားခဲ့တဲ့ လျှပ်စစ်ရေနွေးအိုးကနေ စတင်လောင်တာဖြစ်တယ်” ဟု၎င်းကပြောသည်။

ယင်းမီးလောင်မူအား မီးငြိမ်းသတ်ယာဉ်(၁)စီး ၊ ရေသယ်ယာဉ် (၂)စီးဖြင့် (၁၅)မိနစ်ကျော်ကြားငြိမ်းသတ်ခဲ့ရပြီး မီးလောင်မူကြောင့် သွပ်မိုး ၊ပျဉ်ကာ (၁)ထပ်အိမ်တစ်လုံး၊ အုပ်ညှပ်ပျဉ်ကာ နှစ်ထပ်အိမ်အပေါ်ထပ် တစ်လုံး စုစုပေါင်း နေအိမ် (၂)လုံးနှင့်၊ ကာလတန်ဖိုး ကျပ် (၃၁)သိန်းခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်းသိရသည်။

အဆိုပါမီးလောင်မှုကြောင့် မီးစတင်လောင်ကျွမ်းသည့် နေအိမ်မှ အိမ်ရှင်ဖြစ်သူ ဒေါ်ရွယ်မော်ကို မြစ်ကြီးနားမြို့နယ် ၊အမှတ်(၁)နယ်မြေ ရဲစခန်းတွင် ပြစ်မှုပုဒ်မ(၂၈၉)ဖြင့် အမှုဖွင့် အရေးယူသွားရန် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။