Trending Now

အစ္စရေး-ဟားမတ်စ် စစ်ပွဲ အဓိကဖြစ်ရပ်များ ( အောက်တိုဘာ ၁၂ -၂၀၂၃)

Spread the love

အစ္စရေး-ဟားမတ်စ် စစ်ပွဲ အဓိကဖြစ်ရပ်များ ( အောက်တိုဘာ ၁၂ -၂၀၂၃)

EPN
နိုင်ငံတကာ၊ အောက်တိုဘာ ၁၂

ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက ဆက်လက်ထိုးစစ်ဆင်နေပြီး ဂါဇာမှာ သေဆုံးသူဦးရေ ၁၂၀၀ ကျော်ရှိလာသလို အစ္စရေးမှာလည်း သေဆုံးသူ ၁၃၀၀ ကျော်သွားပြီဖြစ်ပါတယ်။

အစ္စရေးနိုင်ငံမှာ သေဆုံးသူဦးရေဟာ အနည်းဆုံး ၁၃၀၀ အထိ တိုးလာတယ်လို့ အစ္စရေး အသံလွှင့်ဌာနက ပြောကြားခဲ့ပြီး လူပေါင်း ၃၃၀၀ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

တစ်ချိန်ထဲမှာပဲ ဂါဇာကမ်းမြောင်ဒေသမှာလည်း လူပေါင်း ၁၂၀၀ ကျော် သေဆုံးခဲ့ပြီး ၅၆၀၀ ခန့် ဒဏ်ရရှိခဲ့တယ်လို့ ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

အစ္စရေးဝန်ကြီးချုပ် တန်နေရာဟုက အတိုက်အခံခေါင်းဆောင် ဘန်နီ နဲ့ အရေးပေါ်စည်းလုံးညီညွှတ်ရေးအစိုးရကို ကြေညာပြီးနောက် ဟားမတ်စ်အဖွဲ့ကို ဖျက်ဆီးပစ်မယ်လို့ ကတိပြုခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ လောင်စာဆီပြတ်လပ်မှုကြောင့် တစ်ခုတည်းသောရှိတဲ့ ဓာတ်အားပေးစက်ရုံကို ပိတ်လိုက်ရပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးနဲ့ ရင်ဆိုင်နေရတယ်လို့ ဂါဇာတာဝန်ရှိသူတွေက ပြောပါတယ်။

အီရန်နဲ့ ဆီးရီးယားသမ္မတတွေက ပါလက်စတိုင်းတွေကို ထောက်ခံတဲ့အနေနဲ့ အစ္စလမ္မစ်စည်းလုံးညီညွတ်ကြဖို့ တောင်းဆိုလိုက်ပါတယ်။

“ ဖိနှိပ်ခံရတဲ့ ပါလက်စတိုင်းပြည်သူတွေအပေါ် ဇီယွန်ဝါဒီအစိုးရရဲ့ ရာဇဝတ်မှုတွေကို ရပ်တန့်ဖို့ အစ္စလာမ္မစ်နဲ့ အာရပ်နိုင်ငံတွေအပြင် ကမ္ဘာပေါ်က လွတ်လပ်တဲ့လူတွေအားလုံးဟာ စည်းလုံးညီညွှတ်ရမယ့် အချိန်ရောက်ပြီ” လို့ အီရန်သမ္မတ အီဗရာဟင် က ပြောကြားခဲ့ပါတယ်။

ယခင်က တွစ်တာလို့ လူသိများခဲ့တဲ့ X ပလက်ဖောင်းဟာ ဟားမတ်စ်နဲ့ ပတ်သက်တဲ့ အကောင့်ပေါင်းများစွာကို ပိတ်သိမ်းခဲ့ပြီး “ဥရောပအဖွဲ့ဝင်နိုင်ငံတွေအပါအဝင် ကမ္ဘာတစ်ဝှမ်းက ဥပဒေစိုးမိုးရေးတောင်းဆိုမှုတွေကို ဆောလျင်စွာ တုံ့ပြန်နေပါတယ်” X CEO လင်ဒါက ပြောကြားခဲ့ပါတယ်။

မလေးရှား FM က ဂါဇာကမ်းမြှောင်ကို စားနပ်ရိက္ခာ၊ ရေနဲ့ လောင်စာဆီတွေ ဖြတ်တောက်ထားတဲ့ အစ္စရေးရဲ့ လုပ်ရပ်ကို ပြစ်တင်ရှုတ်ချခဲ့ပြီး ပါလက်စတိုင်းတို့အား အရေးပေါ်ရန်ပုံငွေအဖြစ် ရင်းဂစ် ၁ သန်း (အမေရိကန်ဒေါ်လာ ၂၁၂၀၀၀) ထောက်ပံ့ပေးမယ်လို့ မလေးရှားအစိုးရက ကြေညာခဲ့ပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ဂါဇာကမ်းမြောင်မှာ စင်္ကြံတည်ဆောက်ရန် အဆိုပြုချက်ကို အီဂျစ်ကပယ်ချခဲ့ပါတယ်။

အီဂျစ်က သူဘက်မှာရှိတဲ့ Rafah နယ်စပ်ဖြတ်ကျော်နေရာက တစ်ဆင့် အကူအညီနဲ့ လောင်စာဆီ ပေးပို့ခွင့်ပြုဖို့ အစ္စရေး၊ အမေရိကန်တို့နဲ့ အကြိတ်အနယ်ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။

ဒါပေမယ့် အမေရိကန်နဲ့ အစ္စရေးတို့အဆိုပြုခဲ့တဲ့ ဂါဇာကမ်းမြောင်ဒေသကနေ ပါလက်စတိုင်းတွေ ထွက်ခွာမယ့် စင်္ကြံတည်ဆောက်ရန် အဆိုပြုချက်ကိုတော့ အီဂျစ်က ပယ်ချလိုက်ပါတယ်။

စင်္ကြံတည်ဆောက်မှုဟာ ဂါဇာကမ်းမြောင်မှာရှိတဲ့ ပါလက်စတိုင်းတွေကို မောင်းထုတ်ပြီး ဂါဇာကမ်းမြှောင်ကို ဖယ်ထုတ်ဖို့ ကြီးမားတဲ့ အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ရှုမြင်ကြောင်း အီဂျစ်အစိုးရပိုင် မီဒီယာက ဖော်ပြခဲ့ပါတယ်။

ဂါဇာမှာရှိတဲ့ ဆေးရုံတွေဟာ ဓာတ်အားပြတ်တောက်မှုကြောင့် စက်ပစ္စည်းတွေ အလုပ်မလုပ်နိုင်တော့တဲ့အတွက် ဆေးရုံကနေ “သုဿန်” အဖြစ်ကို ပြောင်းလဲသွားနိုင်တယ်လို့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) က သတိပေးထားပါတယ်။

လူပေါင်း ၁၂၀၀ ကျော်သေဆုံးခဲ့ရတဲ့ ဟားမတ်စ်တိုက်ခိုက်မှုအတွက် ကြိုတင်ပြင်ဆင်ထားခြင်းမရှိတဲ့ အပေါ် တန်နေရာဟုကို အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ဝေဖန်ပြောဆိုလိုက်ပါတယ်။

“သူမပြင်ဆင်ထားဘူး။ သူမပြင်ဆင်ထားသလို အစ္စရေးကလည်း မပြင်ဆင်ထားဘူး။ ဒါက ထရမ်လက်ထက်မှာဆိုရင်တော့ သူတို့ပြင်ဆင်စရာလိုမှာ မဟုတ်ဘူး” လို့ သူက ပြောကြားခဲ့ပါတယ်။

အစ္စရေးရဲ့ ပြင်းထန်တဲ့ ဆက်တိုက် ဗုံးကျဲတိုက်ခိုက်မှုတွေကြောင့် ဂါဇာမှာရှိတဲ့ ပါလက်စတိုင်း ၃၃၈,၉၃၄ ဦး အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂက ပြောကြားခဲ့ပါတယ်။

လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ အကြီးအကဲဟောင်း ကဲန်နက် ရော့တ် က ပါလက်စတိုင်းအရပ်သားတွေပေါ် ခွဲခြားမှုမရှိပဲ တိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှုတစ်ခုဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရက်စ်က အစားအစာ၊ လောင်စာဆီနဲ့ အသက်ကယ်ပစ္စည်းတွေကို ” ဂါဇာကမ်းမြောင်ထဲကို ပို့ခွင့်ပြုရမယ်” လို့ ပြောကြားခဲ့ပါတယ်။

အစ္စရေး-ဟားမတ်စ် စစ်ပွဲအတွင်း ထိုင်းနိုင်ငံသား သေဆုံးသူဦးရေ ၂၁ ဦးအထိရှိလာတယ်လို့ သိရပါတယ်။

အစ္စရေးမြေပြင်တပ်တွေ ဖြန့်ကျက်ချထားတဲ့အပေါ် ဟားမတ်စ်နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ဂါဇီဟာမက်က “ကျွန်တော်တို့ မကြောက်ပါဘူး။ ငါတို့က သန်မာတဲ့လူတွေ။ ဒီစစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်သွားဖို့ ခိုင်မာတဲ့ သန္နိဌန်ရှိပါတယ်။ကျွန်တော်တို့မှာ တိုက်ခိုက်ရေးသမားတွေ အများကြီးရှိပြီး ကျွန်တော်တို့ကို ပံ့ပိုးပေးချင်တဲ့သူတွေ အများကြီးရှိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ဟာ အစ္စရေးနိုင်ငံအတွက် စည်းလုံးညီညွှတ်မှုကို ပြသဖို့အတွက် အစ္စရေးထိပ်တန်းအရာရှိတွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားတဲ့ နေရာကို ရောက်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

အစ္စရေးက သူတို့ရဲ့ သင်္ဘောတွေအတွက် ခဲယမ်းမီးကျောက်တွေပေးဖို့ ဂျာမနီကို တောင်းဆိုခဲ့ပြီး တောင်းဆိုချက်အသေးစိတ်ကို ဆွေးနွေးသွားမယ်လို့ ဂျာမန်ကာကွယ်ရေးဝန်ကြီး က ပြောပါတယ်။ ဂျာမနီလေတပ်မှာ အသုံးပြုနေတဲ့ Heron ဒရုန်းနှစ်စင်းကိုလည်း အစ္စရေးနိုင်ငံကို အသုံးပြုခွင့်ပေးမယ်လို့ ဆိုပါတယ်။

Ref; aljazeera
Video – အစ္စရေးကို ဒုံးကျည်တိုက်ခိုက်မှုကနေ ကာကွယ်ပေးထားတဲ့ Iron Dome လေကြောင်းရန်ကာကွယ်ရေးစနစ် နဲ့ အစ္စရေးရဲ့ လက်တုံ့ပြန်မှုကိုခံနေရတဲ့ ပါလက်စတိုင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။