Trending Now

နျူကလီးယား ဓာတ်အားပေးစက်ရုံအတွက် ရုရှားထံက ယူရေနီယံ ပထမဆုံး တင်ပို့မှုကို ဘင်္ဂလားဒေ့ရှ် နိုင်ငံက လက်ခံရရှိ

Spread the love

နျူကလီးယား ဓာတ်အားပေးစက်ရုံအတွက် ရုရှားထံက ယူရေနီယံ ပထမဆုံး တင်ပို့မှုကို ဘင်္ဂလားဒေ့ရှ် နိုင်ငံက လက်ခံရရှိ

EPN
နိုင်ငံတကာ၊ အောက်တိုဘာ ၆

ဘင်္ဂလာဒေခ်ျ့နိုင်ငံမှာ စတင်ဖွင့်လှစ်လိုက်တဲ့ နျူကလီးယား ဓာတ်အားပေးစက်ရုံအတွက် ရုရှားထံက ပထမဆုံး ယူရေနီယံ တင်ပို့မှုကို လက်ခံရရှိကြောင်း ကြေညာခဲ့ပြီး နျူကလီးယားစွမ်းအင်ထုတ်လုပ်တဲ့ ကမ္ဘာ့ ၃၃ ခုမြောက် နိုင်ငံဖြစ်လာခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရဟာ ရုရှားအစိုးရပိုင် Rosatom ကုမ္ပဏီနဲ့ ပူးပေါင်းကာ ပထမဆုံးနျူကလီးယားဓာတ်အားပေးစက်ရုံ ၂ ရုံကို ဒေါ်လာ ၁၂ ဒသမ ၆၅ ဘီလီယံ အကုန်အကျခံကာ တည်ဆောက်သွားမှာဖြစ်ပြီး ၉၀ ရာခိုင်နှုန်းကို ၂၈ နှစ်အတွင်းပြန်ဆပ်ရမယ့် ရုရှားနိုင်ငံချေးငွေကို အသုံးပြုသွားမှာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာနဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ တက်ရောက်တဲ့ နျူကလီးယား လောင်စာဆီ ပေးပို့ခြင်း အခမ်းအနားမှာ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က “ဒီနေ့ဟာ ဘင်္ဂလားဒေ့ရှ် ပြည်သူတွေအတွက် ဂုဏ်ယူဝမ်းမြောက်စရာ နေ့တစ်နေ့ပါ” လို့ ပြောကြားခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) က ၂၀၁၁ ခုနှစ်မှာ နှစ်နိုင်ငံသဘောတူစာချုပ်နဲ့ စတင်လုပ်ဆောင်ခဲ့တဲ့ အဆိုပါစီမံကိန်းကို ကြီးကြပ်ခဲ့ပြီး အေဂျင်စီရဲ့ လမ်းညွှန်မှုအောက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ နျူကလီးယားစွမ်းအင်ဖွံ့ဖြိုးတိုးတက်မှုကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

ဒါကာမြို့အနောက်ဘက် ကီလိုမီတာ ၂၀၀ ခန့်အကွာမှာ တည်ရှိတဲ့ Rooppur နျူကလီးယားစက်ရုံတည်ဆောက်မှုဟာ ကိုဗစ်ကပ်ရောဂါနဲ့ ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေကြောင့် နှောင့်နှေးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

စုစုပေါင်း ၂,၄၀၀ မဂ္ဂါဝပ် ရှိတဲ့ ပထမဆုံးယူနစ်ကို လာမယ့်နှစ် ဇူလိုင်လမှာ စတင်လည်ပတ်ဖို့ စီစဉ်ထားပေမယ့် ပြန်လည်ရွှေ့ဆိုင်းထားရတယ်လို့ သိရပါတယ်။

Rosatom ရဲ့ အင်ဂျင်နီယာဌာနခွဲက စက်ရုံရဲ့ ဒီဇိုင်းပိုင်းနဲ့ တည်ဆောက်မှုအတွက် တာဝန်ယူထားပြီး အဆိုပါစက်ရုံဟာ နှစ်ပေါင်း ၆၀ သက်တမ်းရှိမယ်လို့ မျှော်လင့်ရပါတယ်။ စက်ရုံရဲ့ လုပ်သားတွေကိုလည်း ရုရှားနိုင်ငံက သင်တန်းပေးမယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ရာသီဥတုဆိုင်ရာ ပြဿနာတွေနဲ့ ဘဏ္ဍာရေးဆိုင်ရာ စိန်ခေါ်မှုများကြောင့် ပိုမိုဆိုးရွားတဲ့ လျှပ်စစ်ဓာတ်အား အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပြီး နျူကလီးယားစွမ်းအင် အသွင်ကူးပြောင်းရေးဟာ စွမ်းအင်လိုအပ်ချက်ကို ကိုင်တွယ်ဖြေရှင်းရာမှာ အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးရဲ့ အဓိက အရင်းမြစ်ဖြစ်တဲ့ သဘာဝဓာတ်ငွေ့ ကုန်ကျစရိတ်ဟာလည်း ရုရှား-ယူကရိန်း ပဋိပက္ခ အပါအဝင် ပထဝီဝင်နိုင်ငံရေး အကြောင်းရင်းတွေကြောင့် ဈေးနှုန်းမြင့်တက်မှုနဲ့ ရင်ဆိုင်နေရပါတယ်။

ref; Aljazeera

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။