Trending Now

ကျိုက်လတ်မြို့နယ်တွင် ရေချိုငါးသလောက် ရရှိမှု လျော့ကျနေ၍ ရေလုပ်သားအချို့ စားဝတ်နေရေးခက်ခဲ

Spread the love

ကျိုက်လတ်မြို့နယ်တွင် ရေချိုငါးသလောက် ရရှိမှု လျော့ကျနေ၍ ရေလုပ်သားအချို့ စားဝတ်နေရေးခက်ခဲ

EPN
ကျိုက်လတ်၊ မတ်လ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်တွင်နှစ်စဉ် မတ်လဆန်းသည် ရေချိုငါးသလောက် စတင်ဖမ်းဆီးရှာဖွေသည့် ရာသီဖြစ်သော်လည်း ယခု လက်ရှိ ငါးသလောက် ဖမ်းဆီးရရှိမှု လျော့နည်းနေခြင်းကြောင့် ငါးသလောက် ဖမ်းဆီးရှာဖွေသူများ စားဝတ်နေရေးခက်ခဲနေကြောင်း အဆိုပါ လုပ်ငန်း လုပ်ကိုင်သူများထံမှသိရသည်။

ရေချိုငါးသလောက် ဖမ်းဆီးရမိမှုလျော့ကျနေခြင်းမှာ ရုတ်တရက် မိုးရွာခြင်း၊ နေပြန်ပူခြင်းစသည့်ရာသီဥတု ပုံမှန်မဟုတ်သည့်အခြေအနေများကြောင့်နှင့်တရားမဝင် ငါးဖမ်းကိရိယာများဖြစ်သည့် ဘက္ထရီရှော့ခ်တိုက် ဖမ်းဆီးမှုများရှိနေခြင်း တို့ကြောင့် ဖြစ်ကြောင်း ဒေသတွင်း ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူတို့က ဆိုသည်။

”ဒီလတွေက နှစ်စဉ်ငါးသလောက် ဖမ်းဆီးတဲ့ကာလဖမ်းဆီးရှာဖွေရရှိတဲ့ လလည်း ဖြစ်တယ်။ အခုတော့ စလုပ်ကိုင်တာ တစ်ပတ်နီးပါးလောက် ရှိနေပြီ တစ်ရက်တာကုန်ကျစရိတ်တောင် တွက်ခြေမကိုက်သေးပါဘူး။ ဒါကလည်း အကြောင်းအရင်းရှိတယ်အခုနှစ်မိုးရာသီ က မိုးမပြတ် ရာသီဥတု မမှန်မှုတွေရယ် အခုလက်ရှိမှာ လည်းအပူရှိန်မြင့်တက်နေတာတွေကြောင့် နည်းနေတာပါ။မနှစ်ကတစ်ရက်တာ ငွေသောင်းနဲ့ချီရတဲ့အချိန်အခုတော့ ငွေနှစ်ထောင်တောင် မနည်းရအောင်ရှာဖွေနေရပါတယ်။”ဟု ကျိုက်လတ်မြို့နယ် ကမ်းနီးဒေသတွင်နေထိုင်၍ ငါးသလောက်ဖမ်းဆီးရှာဖွေသည့် လုပ်ငန်းလုပ်ကိုင်သူ ဦးကျော်ထက်က ပြောသည်။

အဆိုပါ ဒေသရှိရေချိုငါးသလောက်ဖမ်းဆီးသည့်လုပ်ငန်း လုပ်ကိုင်သူများသည်ယခင်နှစ်ငါးသလောက်ဖမ်းဆီး ရှာဖွေသည့် ကာလကတစ်နေ့လျှင်ငွေကျပ် ၁၅၀၀၀ မှ ၂၀၀၀၀ အထိဝင်ငွေရရှိခဲ့ကြသော်လည်းယခုလက်ရှိ တစ်နေ့လျှင်ငွေကျပ် ၂၀၀၀ဖိုးသာရရှိတော့သဖြင့် တံငါသည်အချို့စားဝတ်နေရေး အခက်အခဲဖြစ်နေကြောင်း သိရသည်။

”ငါးသလောက်ရဲ့သဘာဝက ရေကြည်ကို သဘောကျပါတယ်။ မနှစ်ကဒီကာလမှာမိုးသိပ်မရွာတော့ ငါးသလောက်ရတာပေါ့။ ဒီနှစ်တော့ မိုးကလည်း ဟိုရက်က ရွာခဲ့တယ်။ လက်ရှိကျတော့လည်း အပူရှိန်က ထိုးတက်နေတယ် ဘယ်လိုလုပ်ရတော့မလည်း ဒါ့ကြောင့် ရှာဖွေသူတွေ အဖို့ အခက်ကြုံနေတာပါ။ ကျန်ခဲ့တဲ့ တစ်ပတ်လောက်ကတော့ သုံးပိဿာ၊ လေးပိဿာလောက် ကုန်ချိန်တက်ပါသေးတယ်။ အခုရက်ရောက်လာပြန်တော့ လုံးလုံးကိုမတက်တော့ပြန်ပါဘူး။ ငါးသလောက်ကေတော့ ကောင်းနေပါတယ်။” ဟု ကျိုက်လတ်မြို့မှငါးသလောက် အဝယ်ဒိုင်ပိုင်ရှင် ဒေါ်စန္ဒာအေးကပြောသည်။

ကျိုက်လတ်မြို့နယ်တွင် ငါးသလောက် ဖမ်းဆီးရှာဖွေဖမ်းဆီးသည့်လုပ်ငန်းကိုကမ်းနီး ဒေသများဖြစ်သည့်ရွာသစ်စု၊ ငါးအိမ်တန်း၊ ဖောင်ရိုးချောင်း၊ ညောင်ပင်ဝိုင်း၊အထက်ပိုင်း၊ ရုံဒေါင့်၊ ရွာသာကြီး၊ကြည်းဝိုင်း၊ လှိုင်းတာ၊အထက်ပိုင်းစသည့် ကျေးရွာများမှ ဒေသခံများ အများဆုံးလုပ်ကိုင်ကြောင်း သိရသည်။

သူရ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။