Trending Now

ဧရာဝတီတိုင်းတွင် ကွမ်းသီးအနုအလုံး ၁၀၀၀ ကို ငွေကျပ် ၃၂၀၀၀ အထိဈေးကျဆင်းနေခြင်းကြောင့် ကွမ်းသီးစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူများ အခက်အခဲ ဖြစ်ပေါ်နေ

Spread the love

ဧရာဝတီတိုင်းတွင် ကွမ်းသီးအနုအလုံး ၁၀၀၀ ကို ငွေကျပ် ၃၂၀၀၀ အထိဈေးကျဆင်းနေခြင်းကြောင့် ကွမ်းသီးစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူများ အခက်အခဲ ဖြစ်ပေါ်နေ

EPN
ဧရာဝတီ၊ ဇူလိုင် ၁၀

ဧရာဝတိတိုင်းဒေသကြီးတွင် ယခုနှစ်ကွမ်းသီးအနုပေါ် သည့်အချိန် ကွမ်းသီးအနုအလုံးရေ ၁၀၀၀ ကို ငွေကျပ် ၃၂၀၀၀ အထိ ဈေးကျဆင်းနေခြင်းကြောင့် ကွမ်းသီးစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူများ အခက်အခဲ ဖြစ်ပေါ် နေကြောင်း ဧရာဝတီတိုင်းဒေသကြီး ကွမ်းသီးရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းရှင်များထံမှ သိရသည်။

ဧရာဝတီတိုင်းတွင် ပြီးခဲ့သည့်နှစ် ကွမ်းသီးပေါ်သည့်အချိန်က ကွမ်းသီးအနုအလုံးရေ ၁၀၀၀ ကို ငွေကျပ် ၇၅၀၀၀ အထိဈေးရှိခဲ့ပြီး၊ ယခုနှစ် ကွမ်းသီးပေါ်ချိန်ဇူလိုင်လတွင် ကွမ်းသီးအနုအလုံးရေ ၁၀၀၀ ကို ငွေကျပ် ၃၂၀၀၀အထိ ကွမ်းသီးအနုဈေး ကျဆင်းသွားရခြင်းသည် ကွမ်းသီးအနုများကို အဓိက တင်ပို့နေရသည့် တရုတ်နိုင်ငံဈေးကွက်မှ ယခုနှစ် ပြည်တွင်းကွမ်းသီးအနုများကို အကန့်အသတ်ဖြင့်သာဝယ်ယူနေခြင်းကြောင့်ဖြစ်ကြောင်း ကွမ်းသီးရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

” လက်ရှိ အချိန်က ဒေသထွက် ကွမ်းသီးအနုသီးတွေ စတင်ပေါ်ထွက်နေတဲ့အချိန်လေ။ မနှစ်က ဒီအချိန် အဝယ်ကုန်များပြီး ကွမ်းသီးအနုတွေက လိုသလောက် မရတဲ့အထိကို အရောင်းအဝယ်ဖြစ်ခဲ့တာ။ အခုတော့ ငုတ်တုပ်မေ့နေတယ်။ တရုတ်ဈေးကွက် တစ်ခုထဲ အားကိုးရတာလေ။ဒါ့ကြောင့် တရုတ်ဘက်က မဝယ်ရင် ဒါမှမဟုတ် လျော့ဝယ်ရင် အဆင်ကိုမပြေတာ။ ကုန်သည်တွေတောင် အခက်အခဲဖြစ်နေရင် စိုက်တဲ့သူတွေက ပိုအခက် အခဲရှိတာပေါ့ ” ဟု ၎င်းကဆက်ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးက ထွက်ရှိသည့် ကွမ်းသီးအနုများကို ဒေသကွမ်းသီးရောင်းဝယ်ရေး လုပ်ငန်းရှင်များက ဝယ် ယူပြီး စနစ်တကျ သန့်စင်ထုတ်ပိုးကာ ရန်ကုန်မြို့သို့ တင်ပို့ရောင်းချလျက်ရှိပြီး၊ ရန်ကုန်မြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့တင်ပို့ရောင်းချနေကြောင်း၊ ယခုနှစ် ကွမ်းသီးအနုဈေး ထိုးကျနေသည့်အတွက် မြေဩဇာဖိုးတောင် ပြန်မရသည့် အခြေအနေဖြစ်နေသည်ဟု ကွမ်းသီးစိုက်ပျိုးရေး လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

” ကိုယ်ဝယ်ရတဲ့ ကုန်ပစ္စည်းသာ ဈေးတက်နေတာ။ ကိုယ်ရောင်းရမယ့် ကုန်ပစ္စည်းကျတော့ ဈေးကမရှိဘူး။ အခုနှစ်အိမ်က ကွမ်းသီး အပင် ၇၀၀ လောက်ကို အသီးနှုန်း၊ အထွက်နှုန်း ကောင်းစေတဲ့ ဓာတ်မြေဩဇာ ၁၅ သိန်းဖိုး ဝယ်ကြွေးထားတာ။ အခုကွမ်းသီးဈေးက ထိုးကျနေတယ်။ ငွေ ၆ သိန်းဖိုးတောင် ပြန်မရသေးဘူး။ ကွမ်းသီးအနုကလည်းကုန်သလောက် ဖြစ်နေပြီ။ ဈေးကမှမကောင်းတာကို။ ဒီအတိုင်းဆို ဘာစိုက်ပျိုးရေး လုပ်လုပ်အဆင် မပြေတော့ဘူး။ ဈေးကွက်က ခိုင်မာတိကျတာမှ မရှိတာကိုး ” ဟု ၎င်းကဆက်ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် ကွမ်းသီးပင်ကို စီးပွားဖြစ် သီးသန့်စိုက်ပျိုးသူများလည်းရှိပြီး၊ စပါးစိုက်ပျိုးရေးလုပ်ငန်းနှင့်ယှဉ်တွဲကာ အိမ်ခြံကွက်များတွင်လည်း စိုက်ပျိုးကြကြောင်း၊ အဆိုပါ ကွမ်းသီးကို ဘိုကလေး၊ ကျိုက်လတ်၊ မအူပင်၊ ဝါးခယ်မ၊ ပန်းတနော်၊ ဖျာပုံ၊ ဓနုဖြူ စသည့် မြို့နယ်များက အများဆုံးစိုက်ပျိုးကြကြောင်း သိရသည်။

အလင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။