Trending Now

ကျန်းမာရေးဝန်ထမ်း လေးဦးအထိကိုဗစ် ကူးစက်ထားတာကြောင့် မိုးညှင်းဆေးရုံကြီး အဝင်အထွက်ယာယီ ကန့်သတ်ထား

Spread the love

ကျန်းမာရေးဝန်ထမ်း လေးဦးအထိကိုဗစ် ကူးစက်ထားတာကြောင့် မိုးညှင်းဆေးရုံကြီး အဝင်အထွက်ယာယီ ကန့်သတ်ထား
EPN
မိုးညှင်း၊ အောက်တိုဘာ ၂
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းပြည်သူ့ ဆေးရုံကြီးတွင်  ကျန်းမာရေး ဝန်ထမ်း (၄)ဦး အထိကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရတာကြောင့် ဆေးရုံအဝင်အထွက်ကို ယာယီ ကန့်သတ်ထားကြောင်းမိုးညှင်း ခရိုင်ကိုဗစ်ထိန်းချုပ်ကာကွယ်ကုသရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ သိရသည်။
“ဆေးရုံကြီးကို ပိတ်ထားတာတော့ မဟုတ်ပါဘူး။ ရောဂါတအားဆိုးရွားတယ်ဆိုရင်တော့ ကျွန်မတို့ဆီကို ဖုန်းဆက်အကြောင်းကြားလို့ ရပါတယ်။ တိုင်ပင်လို့လည်း ရပါတယ်။ ”ဟု မိုးညှင်းခရိုင် ဆေးရုံအုပ်ကြီး Dr ဒေါ်လာမာမီး က ပြောသည်။
မိုးညှင်းဆေးရုံကြီးအတွင်းအဝင်အထွက် ကန့်သတ်ရခြင်းမှာ အခြားလူနာများနှင့် အခြားသူများအား ကူးစက်မူ မဖြစ်စေရန် ကန့်သတ်ရခြင်း ဖြစ်ပြီး မလိုအပ်ဘဲ ဆေးရုံသို့ မလာရန်နှင့် လူနာစောင့်နှင့် ဧည့်သည် အများအပြား လာရောက်တွေ့ဆုံခြင်း မပြုလုပ်ရန်  အသိပေးညွန်ကြားမှုများ ပြုလုပ်ထားကြောင်း သိရသည်။
ကိုဗစ်ရောဂါပိုး ကူးစက်ခံရသည့် ကျန်းမာရေးဝန်ထမ်း ၄ ဦးမှာ ကလေးအထူးကုဆရာဝန် နှစ်ဦးနှင့်သူနာပြုဆရာမ နှစ်ဦးတို့ဖြစ်ကြောင်း သိရသည်။
ပြည်သူများ အနေဖြင့် ကိုဗစ်ရောသံသယရှိပါက နီးစပ်ရာကျန်းမာရေး ဌာနက တာဝန်ရှိသူများထံ ပြသဖို့ ညွှန်ကြားထားပြီးဖြစ်ပြီး ဤသို့ သွားရောက်ပြသပါက ယင်းလူနာ၏ ခရီးသွား ရာဇဝင်ရယူပြီး ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန်ပြင်ဆင်ထားကြောင်း မိုးညှင်းခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာလာမာမီးက ဆိုသည်။
”အခု မိုးညှင်း ဆေးရုံကြီးမှာ အတည်ပြုလူနာကိုပဲ ထားရှိကုသပေးမှာပါ ကိုဗစ်ရောဂါ လက္ခဏာရှိသည်ဖြစ်စေ မရှိသည် ဖြစ်စေ ပြင်းထန်ဆိုးရွားတဲ့ အရေးပေါ်လူနာတွေ ကိုလည်း လက်ခံကုသပေးပါတယ်”ဟု ၎င်းက ပြောသည်။
ထို့အပြင် ကျန်းမာရေး ဝန်ထမ်းများကိုလည်း အဆိုင်းများ ခွဲထားပြီး ကျန်းမာရေး စောင့်ရှောက်မှုများပေးနေကြောင်း သိရသည်။
လက်ရှိတွင် မိုးညှင်းတစ်မြို့နယ်လုံး၌ အောက်တိုဘာ (၂)ရက်နေ့အထိ Covid-19 ရောဂါကူးစက်ခံရသူ(၇)ဦး အထိရှိပြီး ဖြစ်ကြောင်း သိရသည်။
လွမ်းအောင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။