Trending Now

ရုရှားနိုင်ငံတွင် သင်တန်းတက်ရောက်လျက်ရှိသော မြန်မာ့တပ်မတော် မှ သင်တန်းသား ၃ ဦးCOVID-19 ရောဂါပိုးတွေ့ရှိ

Spread the love

ရုရှားနိုင်ငံတွင် သင်တန်းတက်ရောက်လျက်ရှိသော မြန်မာ့တပ်မတော် မှ သင်တန်းသား ၃ ဦးCOVID-19 ရောဂါပိုးတွေ့ရှိ

EPN
ရန်ကုန်၊ ဧပြီ – ၃၀

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် သင်တန်းတက်ရောက်လျက်ရှိသော မြန်မာ့တပ်မတော် မှ ပညာတော်သင် သင်တန်းသားအရာရှိများအနက် မော်စကိုမြို့ရှိ Russian University of Transport (MIIT/RUT) တက္ကသိုလ်မှ သင်တန်းသား ၂ ဦးနှင့် Moscow Power Engineering Institute(MPEI) တက္ကသိုလ်မှ သင်တန်းသား(၁)ဦးတို့တွင် COVID-19 ရောဂါပိုး တွေ့ရှိကြောင်း စစ်သံရုံးမှ တပ်မတော်ထံ တင်ပြထားသည်။

ရုရှားနိုင်ငံ၌ COVID-19 ရောဂါပြန့်ပွားမှုကြောင့် MIIT တက္ကသိုလ်တွင် တက်ရောက်နေသည့် မြန်မာ့တပ်မတော်မှ ပညာတော်သင် သင်တန်းသားအရာရှိများ အပါအ၀င် ကျောင်းသားအားလုံးသည် ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၉ ရက်မှ စတင်၍ သက်ဆိုင်ရာအဆောင်များမှ အဝေးရောက်သင်ကြားမှုစနစ်ဖြင့် သင်ယူခဲ့ကြကြောင်း၊ ဧပြီ ၈ ရက်တွင် နိုင်ဂျီးရီယားနိုင်ငံသားကျောင်းသား တစ်ဦးတွင် COVID-19 ရောဂါ တွေ့ရှိရသဖြင့် ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ကြောင်း၊ ထို့နောက် အဆိုပါ နိုင်ဂျီးရီယား ကျောင်းသားနေထိုင်သည့် ၅ လွှာနှင့် ၎င်းမကြာခဏသွားရောက်သည့် ၆ လွှာတို့အား ထိုနေ့မှစ၍ Lockdown ပြုလုပ်ခဲ့ပြီး ၅ လွှာနှင့် ၆ လွှာတွင်နေထိုင်သူများအား ဧပြီ ၁၀ ရက်နှင့် ဧပြီ ၂၀ ရက်တို့တွင် ရုရှားကျန်းမာရေးဌာနမှ လိုအပ်သည့် ဆေးစစ်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ယင်းသို့ဆေးစစ်မှုများပြုလုပ်ပြီး ဧပြီ ၂၇ ရက်တွင် မြန်မာ့တပ်မတော် မှ သင်တန်းသား ၂ ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိကြောင်း ရုရှားကျန်းမာရေးဌာန မှ တာ၀န်ရှိသူတစ်ဦးကအတည်ပြုပြောကြားကာ လက်ရှိအဆောင်တွင်သီးခြားနေထိုင် ရန် ပြောကြားထားသည်။

အလားတူ MPEI တက္ကသိုလ်၌လည်း မတ်လ ၁၉ ရက်မှစတင်၍ အဝေးရောက် သင်ကြားမှုစနစ်ဖြင့် သင်ကြားခဲ့ပြီး ၁၆ လွှာပါအဆောက်အဦ ၂ ဆောင်တွင် နိုင်ငံတကာ မှ သင်တန်းသားများ နေထိုင်ကြကြောင်း၊ ဧပြီ ၁၂ ရက်တွင် မြန်မာ့တပ်မတော်မှ သင်တန်းသားများနေထိုင်သည့် အဆောင်အဦအမှတ်(၁) မှ ၁၆ လွှာအား COVID-19 ရောဂါပိုးတွေ့ရှိသည့် ရုရှားကျောင်းသားမှ မကြာခဏလာရောက်သဖြင့် Lockdown ပြုလုပ်ခဲ့ကြောင်း၊ ဧပြီ ၂၇ ရက်တွင် မြန်မာ့တပ်မတော်မှ သင်တန်းသားများအနက် တစ်ဦးမှာ ကိုယ်အပူချိန်မြင့်တက်လာခြင်းကြောင့် စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ဧပြီ ၂၇ ရက်တွင် ဓာတ်ခွဲစမ်းသပ်မှုအဖြေအရ ၎င်းသင်တန်းသားတွင် COVID-19 ရောဂါပိုးတွေ့ ရှိကြောင်း အတည်ပြုခဲ့သည်။

လက်ရှိအခြေအနေအရ ရောဂါပိုးကူးစက်ခံထားရသော မြန်မာ့တပ်မတော်မှ သင်တန်းသားအရာရှိ ၃ ဦး၏ ကျန်းမာရေးအခြေအနေမှာ ထူးခြားသည့် ဖျားနာဝေဒနာ ခံစားရမှုမျိုးမရှိဘဲ ကောင်းမွန်လျက်ရှိကြောင်း၊ ရုရှားကျန်းမာရေးဌာန၏ ညွှန်ကြားချက်အရ အဆောင်တွင် သီးခြားနေထိုင်လျက်ရှိကာ ဆေးကုသမှုခံယူလျက်ရှိကြောင်းနှင့် မြန်မာ စစ်သံ(ကြည်း၊ ရေ၊ လေ)ရုံးမှ ၎င်း ကျောင်းသားများနှင့် ဆက်သွယ်မှုရယူလျက် လိုအပ်သည့် ကူညီစောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း တပ်မတော် သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Photo-လူမှုကူညီရေးဆောင်ရွက်နေသော တပ်မတော်သားများ
#ရုရှား #တပ်မတော် #COVID


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။