Trending Now

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ၆ လအတွင်း ဝန်ထမ်းတွေ အပါအဝင် လူအယောက် ၅၀ အထိ ပစ်သတ်ခံရပြီး သေဆုံးခဲ့ရ

Spread the love

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ၆ လအတွင်း ဝန်ထမ်းတွေ အပါအဝင် လူအယောက် ၅၀ အထိ ပစ်သတ်ခံရပြီး သေဆုံးခဲ့ရ

EPN
ဧရာဝတီ၊ ဇူလိုင် ၁၃

ဧရာဝတီတိုင်းမှာ ယခုနှစ် ပြီးခဲ့တဲ့ ခြောက်လအတွင်း ဌာနဆိုင်ရာ ဝန်ထမ်းတွေ အပါအဝင် လူအယောက် ၅၀ ခန့်အထိ သေနတ်နဲ့ ပစ်သတ်ခံရလို့ သေဆုံးခဲ့ရတယ်လို့ ဌာနဆိုင်ရာတွေဆီကနေ သိရပါတယ်။

ယခုနှစ် ဇန်နဝါရီလကနေ ဇွန်လကုန်ပိုင်းအထိ ဌာနဆိုင်ဝန်ထမ်းတွေ အပါအဝင် ခြောက်လအတွင်းမှာ လူယောက် ၅၀ ခန့်အထိ အမည်မသိ သေနတ်သမားတွေက သေနတ်နဲ့ ပစ်သတ်ခဲ့တာကြောင့် သေဆုံးခဲ့ရပြီး သေဆုံးခဲ့ရတဲ့ သူတွေထဲမှာ ဌာနဆိုင်ရာဝန်ထမ်း အမျိုးသမီး ၇ ယောက်နဲ့ အမျိုးသား ၁၇ ယောက်အထိ ပါဝင်တယ်လို့ သိရပါတယ်။

” ဒီနှစ် ၆ လအတွင်းမှာ လူအယောက် ၅၀ နီးပါး သေနတ်နဲ့ ပစ်သတ်တာ ခံခဲ့ရတယ်။ သေဆုံးခဲ့ရတဲ့ သူတွေထဲမှာလည်း လူလတ်ပိုင်းအရွယ်တွေ များတယ်။ အသတ်ခံရတဲ့အထဲမှာ ဌာနဆိုင်ရာဝန်ထမ်းတွေ ၂၄ ယောက်အထိ ပါတယ်။ ဝန်ထမ်းတွေကိုတော့ သေနတ်သမားတွေက ရုံးဆင်းတဲ့ အချိန်တွေမှာ ပစ်သတ်သွားတာ။ ဆိုင်ကယ်နဲ့အနီးကပ် ပစ်သတ်ခံရတာများတယ်။ တရားခံတွေကို ဒီကနေ့အထိ မိတဲ့သူ အနည်းအငယ်ပဲရှိသေးတယ်။ မြေပြင်မှာ အခုထက်များချင်လည်း များမှာပေါ့ ” လို့ ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ပစ်သတ်ခံရတာကြောင့် သေဆုံးခဲ့ရတဲ့သူတွေက ရေကြည်၊ ကြံခင်း၊ မအူပင်၊ ဖျာပုံ၊ ပန်းတနော်၊ ဝါးခယ်မ၊ မော်လမြိုင်ကျွန်း၊ ဘိုကလေး၊ ဒေးဒရဲ၊ ဟင်္သာတ၊ ကျုံပျော်၊ လပွတ္တာ၊ ပုသိမ် စတဲ့ မြို့တွေထဲကဖြစ်တယ်လို့ သိရပါတယ်။

” သေနတ်နဲ့ ပစ်သတ်ခံရတဲ့ ဖြစ်စဉ်တွေက ဒီနှစ် လဆန်းပိုင်းနဲ့ ၄ လပိုင်းတွေမှာ ပိုအဖြစ်များခဲ့တာ။ လမ်းဘေးမှာ ကွမ်းယာ ရောင်းနေတဲ့ အမျိုးသမီး ၅ ယောက်ထက်မနည်း အသတ်ခံရတဲ့ အထဲမှာပါတယ်။ ဖြစ်စဉ်တွေကတော့ မြို့နယ်အစုံမှာ ဖြစ်ခဲ့တာ ” လို့ ဧရာဝတီတိုင်းအခြေပြု ဆောင်ရွက်နေတဲ့ လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ပစ်သတ်ခံရတဲ့ ဖြစ်စဉ်တွေမှာ အသတ်မသေဘဲ ဒဏ်ရာရလို့ ဆေးရုံတက် ဆေးကုသမှုခံယူရတဲ့ လူ ၃၄ ယောက်ခန့်ရှိခဲ့တယ်လို့ သိရပြီး၊ အဲ့ဒီ သေဆုံးခဲ့ရသူနဲ့ ဒဏ်ရာရရှိခဲ့ရတဲ့ သူတွေရဲ့ ကိန်းဂဏန်းတွေဟာ ဒေသခံ တွေ၊ ပရဟိတအဖွဲ့တွေ၊ ဌာဆိုင်ရာတွေ၊ သက်ဆိုင်ရာက ထုတ်ပြန်ချက်တွေအရသိရတာ ဖြစ်ပါတယ် ။

အလင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။