Trending Now

ရှင်ဗွေယန်မြို့တွင် ငွေတိုးဆန်တစ်အိတ်လျင် ကျပ်တစ်သိန်းကျော် ထိဈေးမြင့်တက်လာ

Spread the love

ရှင်ဗွေယန်မြို့တွင် ငွေတိုးဆန်တစ်အိတ်လျင် ကျပ်တစ်သိန်းကျော် ထိဈေးမြင့်တက်လာ

EPN
မြစ်ကြီးနား၊ ဇူလိုင် ၅

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ ရှင်ဗွေယန်မြို့တွင် ငွေတိုးဆန်တစ်အိတ်လျင် ကျပ်ငွေ တစ်သိန်းကျော်အထိ မြင့်တက်လာသည့်အတွက် ပြည်သူများ အကြပ်အတည်း ဖြစ်နေရကြောင်း သိရသည်။

ရှင်ဗွေယန်မြို့တွင် ပေါ်ဆန်းမွှေး၊ ချင်းတုံး၊ စောရှုပ် စသည့်ဆန်များကို ဝယ်ယူစားသုံးသူ နည်းပါးကြပြီး ငွေတိုးတစ်မျိုးတည်းကိုသာ ဒေသခံအများစုက ဝယ်ယူစားသုံးနေကြကြောင်း၊ ယခုလက်ရှိတွင် ငွေတိုးတစ်အိတ်လျင် ၁၁၅၀၀၀ ကျပ်ထိ ဈေးရှိပြီး၊ ချင်းတုံး၊ ချင်းရှည်မှာ ၁၀၅၀၀၀ ကျပ်ထိရှိကြာင်း ဆန်ရောင်းဝယ်နေသူ တစ်ဦးထံမှ သိရသည်။

“ ဆန်ဈေးတက်လာတာက နှစ်ပတ်လောက်တော့ရှိနေပြီ။ အရင်ကတော့ ငွေတိုးဈေးတက်တာတောင်မှ တစ်အိတ်ကို ၉ သောင်းကျော်ပဲရှိတာ။ အခုတော့ ၁၁၅၀၀၀ ဖြစ်သွားပြီ။ ချင်းတုံးနဲ့ ချင်းရှည်ကတော့ ၁၀၅၀၀၀ ရှိတယ်။ အားလုံးနီးပါး ဈေးတက်တယ်။ တစ်သိန်းအောက် ဆန်ဈေးတွေမရှိတော့ဘူး။ အောက်ပိုင်းကကို ဈေးတက်နေတော့ ဒီဘက်လည်းတက်တာပေါ့။ ဆီဈေးကလည်းတက်တော့ တန်ဆာခတွေလည်း တက်လာတာပေါ့။ ဒါတောင် ထပ်တက်နိုင်တဲ့ အခြေအနေရှိတယ်။ ဒီမှာကျတော့ အခြားဆန်တွေဆို သိပ်ပြီးရောင်း မကောင်းဘူး။ စီးပွားရေးသမားတွေနည်းပြီး လူလတ်တန်းစား၊ အခြေခံလူတန်းစားတွေပဲ နေတာများတော့ ငွေတိုးလောက်ပဲ ရောင်းရတယ်။ အခုဆိုငွေတိုးတောင်မှ ဝယ်စားဖို့အခက်အခဲတွေ ရှိလာပြီ။ အရင်ကလို ၆ သောင်း၊ ၇ သောင်းနဲ့မရ တော့ အိတ်လိုက်ဝယ်စားတဲ့သူ နည်းလာတယ်။ ကြာလာရင်တော့ အဆင်မပြေဘူး ” ဟု ၎င်းကဆိုသည်။

ယင်း ဆန်ဈေးများမြင့်တက်လာသည့်အတွက် တစ်နေ့လုပ်၊ တစ်နေ့စားပြည်သူများ၊ အခြေခံလူတန်းစားများမှာ ဆန်ကိုအိတ်လိုက် ဝယ်ယူနိုင်ခြင်းမရှိတော့ပဲ ပြည်ဖြင့်သာ အနည်းငယ်ချင်းသာ ဝယ်ယူစားသုံးလာကြပြီး၊ ယင်းထက် ဈေးနှုန်းများမြင့်တက်လာပါက ပိုပြီး ခက်ခဲဒုက္ခရောက်လာမည်ကို ဒေသခံပြည်သူများက စိုးရိမ်နေကြကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ အရင်က ဈေးမတက်ခင်ကတော့ ပိုက်ဆံမရှိရင်တောင် ငွေတိုးလောက်တော့ ဝယ်စားဖြစ်တာပေါ့။ အခုဈေးနှုန်းနဲ့တော့ အိတ်လိုက်ဆို ဘယ်လိုမှ ဝယ်မစားနိုင်တော့ဘူး။ တစ်ပြည်ကိုတောင် ၇၀၀၀ ကျပ်ထိ ပေးနေရပြီ။ ဒီဘက်ဒေသတွေမှာက တောင်ယာလယ်လုပ်စားရင်လည်း ပိုက်ဆံရှိတဲ့သူတွေကပဲ လုပ်နိုင်ကြတယ်။ မရှိတဲ့ သူတွေကတော့ ပိုပြီးဒုက္ခရောက်လာကြတာပဲ။ တောင်ယာခုတ်မယ်ဆိုလည်း ရွှေမြေတွေဖြစ်လို့ စပါးအထွက် မကောင်းဘူး။ ဒါကြောင့် ဆိုင်ကပဲ ဝယ်စားနေရတာ။ အခုကဆန်ဈေးတွေက တစ်နေ့ပြီးတစ်နေ့ တက်လာတော့ ထမင်းတစ်နပ်စားရဖို့ မလွယ်လာတော့ဘူး ” ဟု ၎င်းကပြောသည်။

ရှင်ဗွေယန်မြို့တွင် အဓိအားဖြင့် ရွှေတူးဖော်သည့် လုပ်ငန်းကိုလုပ်ကိုင်ကြပြီး စားသောက်နေထိုင်ကြသော ဒေသတစ်ခု ဖြစ်ခဲ့သော်လည်း ယခုအချိန်တွင် ရွှေရရှိမှုမှာ ယခင်ကဲ့သို့ မရရှိတော့သည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များမှာ ရွှေ့ပြောင်းနေထိုင်သွားကြပြီး လက်ရှိတွင် တစ်ပိုင်တနိုင် ရွှေတူးဖော်သူများသာ ကျန်ရှိလုပ်ကိုင် စားသောက်နေကြကြောင်း သိရသည်။

သံလွင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။