Trending Now

ကချင်တစ်ပြည်နယ်လုံး၏ ခရီးသွားလမ်းညွန်များ ပါရှိမည့် Digital Signage သုံးခုကို မြစ်ကြီးနားမြို့တွင် ထားရှိမည်

Spread the love

ကချင်တစ်ပြည်နယ်လုံး၏ ခရီးသွားလမ်းညွန်များ ပါရှိမည့် Digital Signage သုံးခုကို မြစ်ကြီးနားမြို့တွင် ထားရှိမည်

EPN
မြစ်ကြီးနား၊ ဇွန် ၉

ပြည်တွင်း၊ ပြည်ပ ခရီးသွားနေရာများနှင့် ကချင်ပြည်နယ်အတွင်း ခရီးသွားလမ်းညွန်များ ပါရှိမည့် ဒီဂျစ်တယ် ဆိုင်းဘုတ် (DIGITAL SIGNAGE) သုံးခုကို မြစ်ကြီးနားမြို့တွင်း သုံးနေရာတွင် ထားရှိသွားမည် ဖြစ်ကြောင်း ကချင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှု ဦးစီးဌာနမှ သိရသည်။

အဆိုပါ ခရီးသွားလမ်းညွန် ဒီဂျစ်တယ် ဆိုင်းဘုတ်များကို မြစ်ကြီးနားလေဆိပ်တွင် တစ်ခု၊ ကချင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှု ဦးစီးဌာနရုံးတွင် တစ်ခု၊ ဆုတောင်းပြည့်ဘုရားတွင် တစ်ခု စုစုပေါင်း သုံးခုထားရှိသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွန်ကြားမှု ဦးစီးဌာန ပြည်နယ်မှူး ဦးခိုင်ဝင်းက ဆိုသည်။

“အဓိကတော့ ကချင်ပြည်နယ်မှာရှိတဲ့ အထင်ကရနေရာတွေ ခရီးသွားလည်ပတ်နိုင်မယ့် နေရာတွေကို ထည့်သွင်းထားတယ်။ ကိုယ်ဘယ်နေရာသွားချင်သလဲ အဲ့ဒီမှာကြည့်လိုက်ရုံပဲ။ ယခုနှစ် ဇူလိုင်လမှာ မဟုတ်ရင် သြဂုတ်လ မှာ တပ်ဆင်သွားဖို့ရှိတယ်”ဟု ဦးခိုင်ဝင်းက ပြောသည်။

ယင်းအစီအစဉ်သည် ပြည်ထောင်စုဝန်ကြီးဌာန၏ လမ်းညွန်ချက်ဖြင့် ဆောင်ရွက်ရခြင်းဖြစ်ပြီး ယင်း ဒီဂျစ်တယ် ဆိုင်းဘုတ် သုံးခုအနက် တစ်ခုကို ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာနက ထောက်ပံ့ထားပြီး ကျန်နှစ်ခုကိုမှု ပြည်တွင်းလုပ်ငန်းရှင်များက လှူဒါန်းထားကြောင်း သိရသည်။

အဆိုပါ ဒီဂျစ်တယ် ဆိုင်းဘုတ်များတွင် ကချင်ပြည်နယ်အတွင်းက ခရီးသွားဒေတာ အချက်အလက် လမ်းညွန်ချက်များ အပြင် မြန်မာတစ်နိုင်ငံလုံးက ခရီးစဉ်ဒေတာ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ အချက်အလက် များ၊ ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာနဆိုင်ရာ အချက်အလက်များကို ထည့်သွင်းထားကြောင်း သိရသည်။

“ဒီဒစ်ဂျစ်တယ် ဆိုင်းဘုတ်တွေ ထားခြင်း အားဖြင့် ပြည်တွင်း ပြည်ပ ခရီးသွားလာသူတွေအတွက် အဆင်ပြေမယ်။ အဓိကတော့ ခရီးသွား လုပ်ငန်းတွေ ဖွံ့ဖြိုးဖို့ပေါ့။ ဒီကချင်ပြည်နယ်ထဲရောက်ပြီ ဆိုတာနဲ့ လေဆိပ်ကို ရောက်ပြီဆိုတာနဲ့ ကချင်ပြည်နယ်မှာ ရှိတဲ့ အကြောင်းအရာ တွေ ဟိုတယ်တွေ တည်းခိုရိပ် သာတွေစသဖြင့် လိုအပ်တဲ့ အချက်အလက် တွေကို ရယူနိုင်တယ်”ဟု ဦးခိုင်ဝင်းက ထည့်သွင်းပြောဆိုသည်။

လက်ရှိတွင် ပြည်တွင်း၊ ပြည်ပ ခရီးသွားများအနေနှင့် ကချင်ပြည်နယ် အတွင်း သွားလာနိုင်မည့် နေရာဒေသ အချက်အလက်များနှင့် လမ်းညွန်ချက်များ ထည့်သွင်းထားသည့် QR Code ပါရှိသည့် ဆိုင်းဘုတ်များကို ဟိုတယ်များ၊ လေဆိပ်တို့တွင်သာ ထားရှိကြောင်း သိရသည်။

လွမ်းအောင်
ဓါတ်ပုံ – နိုင်ငံတကာတွင် အသုံးပြုနေကြသည့် Digital Signage များ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။