Trending Now

သံမဏိထုတ်လုပ်မှု အပါအဝင် နယ်ပယ်အများစု၌ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် နစက ဥက္ကဋ္ဌနှင့် အိန္ဒိယသံအမတ်ကြီး ဆွေးနွေး

Spread the love

သံမဏိထုတ်လုပ်မှု အပါအဝင် နယ်ပယ်အများစု၌ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် နစက ဥက္ကဋ္ဌနှင့် အိန္ဒိယသံအမတ်ကြီး ဆွေးနွေး

EPN
နေပြည်တော်၊ မတ် ၃၀ (၂၀၂၄)

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကြား သံမဏိထုတ်လုပ်မှု အပါအဝင် နယ်ပယ်အများစု၌ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် နစက ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Vinay Kumar တို့ ဆွေးနွေးခဲ့ကြောင်း သိရသည်။

နစက ဥက္ကဋ္ဌမှ တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် အိန္ဒိယနိုင်ငံသံအမတ်ကြီးအား ယမန်နေ့ (မတ် ၂၉ ရက်)၊ နံနက်ပိုင်းက နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

တွေ့ဆုံစဥ် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှု၊ ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုတို့တွင် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ သံမဏိထုတ်လုပ်မှု၊ ဝါစိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းများ၊ ဆေးဝါးထုတ်လုပ်မှုလုပ်ငန်းများနှင့် နယ်ပယ်အများစုတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

၎င်းအပြင် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရင်းနှီးမှု၊ လုံခြုံရေးနှင့်ကာကွယ်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ မြန်မာ့တပ်မတော်နှင့် ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ ကျန်းမာရေးဆိုင်ရာ ကူညီမှုများဆောင်ရွက်ပေးမှု၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

အလားတူ နစက ဥက္ကဋ္ဌမှ မြန်မာနိုင်ငံအနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ဆက်လက်လျှောက်လှမ်းလျက်ရှိမှုနှင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှုတို့ကို ဆွေးနွေးပြောကြားခဲ့သည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။