Trending Now

စိုက်ပျိုးမွေးမြူရေးနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအတွင်း စားရေရိက္ခာများ ဈေးနှုန်းကြီးမြင့်ခြင်းမှာ မဖြစ်သင့်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော

Spread the love

စိုက်ပျိုးမွေးမြူရေးနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအတွင်း စားရေရိက္ခာများ ဈေးနှုန်းကြီးမြင့်ခြင်းမှာ မဖြစ်သင့်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော

EPN
မြစ်ကြီးနား၊ ဇွန် ၁၄

မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးနိုင်ငံဖြစ်ပြီး မြေသယံဇာတများ၊ ရေသယံဇာတများနှင့် လူသားအရင်းအမြစ်များရှိသော်လည်း စားရေရိက္ခာများ ဈေးနှုန်းကြီးမြင့်ခြင်းမှာ မဖြစ်သင့်သည့် ကိစ္စရပ်များဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ဇွန်လ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည့် အခြေခံစားသုံးကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ရေး အစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံအတွင်း ကုန်ဈေးနှုန်းများကြီးမြင့်နေခြင်းမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများအလိုက် သွင်းအားစုများ ကုန်ဈေးနှုန်းကြီးမြင့်မှုများ ဖြစ်ပေါ်လာသဖြင့် ပြည်တွင်းထုတ်လုပ်မှု ကုန်ကျစရိတ်များ မြင့်တက်လာခြင်းအပြင် ဝိသမလောဘသားများ၏ ငွေကြေးကစားမှုနှင့် နိုင်ငံရေးအရ အမြတ်ထုတ်လိုမှုများကြောင့် ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးထက် ဈေးနှုန်းမြင့်မားနေသည်ဟု ယူဆရကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ထိုအထဲတွင် သယ်ယူပို့ဆောင်စရိတ်များကြီးမြင့်ခြင်းလည်း ပါဝင်ကြောင်း၊ လောင်စာဆီဈေးနှုန်းများ ကြီးမြင့်ခြင်းနှင့် လုံခြုံရေးအရ ကန့်သတ်ချက်များကြောင့် ကုန်ကျစရိတ်များ ပိုမိုနေပြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးနှင့်ပတ်သက်၍ ထိထိရောက်ရောက် ဆောင်ရွက်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တာဝန်ရှိသူများအနေဖြင့် အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

စားရေရိက္ခာများအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စိုက်ပျိုးမွေးမြူရေးများလုပ်ဆောင်ရန် လုံလောက်စွာရှိနေသော်လည်း ဒေသအတွင်း အသား၊ ငါး၊ လိုအပ်ချက်များကြောင့် ကုန်ဈေးနှုန်းကြီးမြင့်နေသည်ကို တွေ့ရှိရကြောင်းနှင့် ထုတ်ပေးထားပြီးဖြစ်သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများကို ထိရောက်စွာ အသုံးချရန်လိုအပ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ယင်းအပြင် ကုန်ပစ္စည်းများ အဆင့်ဆင့်ရောင်းချမှု များပြားခြင်းကြောင့် ကုန်ဈေးနှုန်းများ ပိုမိုမြင့်တက်လာခြင်းဖြစ်သည်ကို တွေ့ရှိရသည့်အတွက် ကုန်ပစ္စည်းများ ရောင်းဝယ်ခြင်းတွင် အဆင့်ဆင့်ရောင်းဝယ်မှုနှင့်ပတ်သက်၍ ပြုပြင်ခြင်းများ ဆောင်ရွက်နိုင်ရေး စဉ်းစားဆောင်ရွက်ရန်လိုကြောင်းနှင့် ဒေသတွင်း ကုန်ထုတ်လုပ်မှု ပမာဏများမြှင့်တင်ရန် ဝန်ကြီးဌာနများအလိုက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကုန်ပစ္စည်းထုတ်လုပ်မှုနှင့်ပတ်သက်၍ ဆွေးနွေးဆောင်ရွက်ကြစေလိုကြောင်းပြောကြားခဲ့သည်။

ကုန်စည်ပို့ဆောင်ရေးနှင့်ပတ်သက်၍ လမ်းခရီးများရှိဂိတ်များ၌ မလိုလားအပ်သည့် ကုန်ကျစရိတ်များမရှိစေရေး ပြည်နယ်နှင့် တိုင်းများအလိုက် တာဝန်ရှိသူများက အလေးထား ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ အရေးမကြီးသည့် ကုန်ပစ္စည်းများကို ရထားပို့ဆောင်ရေးနှင့် ရေကြောင်းပို့ဆောင်ရေးစနစ်ကို အသုံးပြုကြရေး အားပေးတိုက်တွန်းလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အခြေခံစားကုန်များကို လုံလောက်စွာထုတ်လုပ်နိုင်ခြင်းဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ကုန်ထုတ်လုပ်သူများအနေဖြင့် အများပြည်သူများအတွက် အဖြစ်သင့်ဆုံးဈေးနှုန်းဖြင့် ထိန်းညှိရောင်းချပေးရန်အတွက် တာဝန်ရှိသူများအနေဖြင့်လည်း ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့် ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်နေရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

ယခုအခါ စက်သုံးဆီနှင့် မြေဩဇာ စသည့်သွင်းအားစု ဈေးနှုန်းများမှာ ယခင်နှစ်ကထက် ကျဆင်းသွားပြီဖြစ်သော်လည်း ကုန်ဈေးနှုန်းများမှာ ကြီးမြင့်လျက်ရှိနေသေးသည်ကို တွေ့ရှိရကြောင်း ၎င်းက ပြောဆိုခဲ့သည်။

အဓိကအားဖြင့် ဒေသတွင်း ကုန်ထုတ်လုပ်မှုများကို တိုးတက်အောင်ဆောင်ရွက်ပြီး ယခုဖြစ်ပေါ်နေသည့် ကုန်ဈေးနှုန်းကို ထိန်းညှိနိုင်ရေး ဆောင်ရွက်ရန် နှင့် ယခုပြုလုပ်သည့် အစည်းအဝေးသည် သင့်တင့်သည့်ဈေးနှုန်းများ ဖြစ်စေရေးအတွက် နည်းလမ်းများရှာဖွေရန် အစပျိုးပေးလိုက်ခြင်းဖြစ်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် နည်းလမ်းများရှာဖွေ၍ အမြန်ဆုံးဖြေရှင်း ဆောင်ရွက်သွားကြစေလိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

သယံဇာတပစ္စည်းများကို ထုတ်ယူသုံးစွဲရာတွင်လည်း မြေအောက်တွင်းထွက်သယံဇာတများကို သုံးစွဲခြင်းထက် မြေပေါ်သယံဇာတဖြစ်သည့် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များထုတ်လုပ်ခြင်း၊ ရေသယံဇာတ သုံးစွဲရာတွင်လည်း ဖမ်းဆီးခြင်းထက် မွေးမြူခြင်းကို အားပေးဆောင်ရွက်ရန်လိုကြောင်း၊ ကုန်ဈေးနှုန်းကို ထိန်းညှိနိုင်သည့် ကုန်ထုတ်လုပ်မှုမျိုးဖြစ်ရန် လိုအပ်သဖြင့် ချိန်ထိုးဆောင်ရွက်ကြရန်လိုကြောင်း၊ ကုန်ထုတ်လုပ်မှုရှိမှသာ ငွေကြေးစီးဆင်းလည်ပတ်မှု ကောင်းမွန်ပြီး ဒေသစီးပွားနှင့် နိုင်ငံ့စီးပွားတိုးတက် လာမည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။