Trending Now

ကျိုက်ထိုမြို့နယ်တွင် ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

Spread the love

ကျိုက်ထိုမြို့နယ်တွင် ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၁၁ (၂၀၂၄)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို ဇန်နဝါရီလ ၃ ရက်နေ့တွင်  ဖမ်းဆီးရမိခဲ့ကြောင်း သက်ဆိုင်ရာ ရဲစခန်းများထံမှ သိရသည်။

ဖြစ်စဉ်မှာ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်ကျေးရွာအနီးတွင် ပဲခူးမှ ကော့သောင်းသို့ သူရဝင်း မောင်းနှင်ပြီး ၎င်း၏ဇနီး မအေးသန္တာအောင်နှင့် မဖူးဖူးဝေတို့ လိုက်ပါလာသည့် LANDCRUISER PRADO မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၇ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၈ ဒသမ ၅၆ သိန်းကို တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်း မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူများအား စစ်ဆေးဖော်ထုတ်ချက်အရ ဇန်နဝါရီလ ၄ ရက်နေ့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူများဖြစ်သည့် ကိုရှည် (ခ) ကျော်ထက်အား ကော့သောင်းမြို့၊ ရွှေပြည်သာရပ်ကွက်တွင် လည်းကောင်း၊ ခင်ဇော်မြင့် အား ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်တွင် လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း၊ ဆက်လက်၍ ပူးပေါင်းအဖွဲ့သည် ဖမ်းမိတရားခံ သူရဝင်းနှင့် မအေးသန္တာအောင်တို့ နေထိုင်သည့် ထားဝယ်မြို့၊ ဗျောတောဝရပ်ကွက်၊ သီရိမင်္ဂလာလမ်းသွယ်ရှိ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာတွင် အသုံးပြုသည့် TOYOTA FJ CRUISER မော်တော်ယာဉ် ၁ စီး၊ မော်တော်ဆိုင်ကယ် ၂ စီးနှင့် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှ ရရှိသည့် မြန်မာငွေကျပ် ၇၉ ဒသမ ၈၅ သိန်း၊ ထိုင်းဘတ်ငွေ ၆၀၀၀ ဘတ်၊ ရွှေထည်ပစ္စည်းမျိုးစုံ ၃၉ မျိုး (တန်ဖိုးငွေ ၉၃၄ သိန်းကျပ်ခန့်) တို့အား သိမ်းဆည်းရမိခဲ့ပြီး၊ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများအား ရှမ်းပြည်နယ်၊ တောင်ကြီးမှ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းသို့ သယ်ဆောင်ရောင်းဝယ်ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့် ပက်သက်သူများကို ဥပဒေအရ အရေးယူထားလျက်ရှိပြီး၊ ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်းနှင့် အမှုတွင် ဆက်စပ်ပါဝင်သူများ ပိုင်ဆိုင်သည့် ရွှေ၊ ငွေ၊ အဖိုးတန် ပစ္စည်းများနှင့် ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အယ်လီ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။